စစ်တပ်ကို ရိက္ခာထောက်ပံ့နေတဲ့ သာယာဝတီက ဆန်စက်ကို မိုင်းနှစ်ကြိမ်ခွဲ၊ စစ်သားတချို့ ပြင်းထန်ဒဏ်ရာရ

ပဲခူးတိုင်းရဲ့ နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးလှုပ်ရှားမှုအဖြစ် စစ်တပ်ကို ဆန်ထောက်ပံ့နေတဲ့ သာယာဝတီမြို့နယ် ဂုံမင်းမြောင်ကျေးရွာက ဆန်စက်ကို မိုင်းခွဲတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ စစ်သားတချို့ ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။
ဒီနေ့မနက် ၃ နာရီကျော်လောက်က ပထမအကြိမ် မိုင်းခွဲခဲ့ရာ ဆန်စက်ပိုင်ရှင်ရဲ့ အိမ်စီးကားနဲ့ ကုန်ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး မနက် ၆ နာရီကျော်မှာ အကြမ်းဖက်စစ်သား ၅ ဦးရောက်ရှိလာချိန် ဒုတိယအကြိမ် မိုင်းခွဲခဲ့ရာ စစ်သားတချို့ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ Bago Region PDF ကထုတ်ပြန်ပါတယ်။
ဆန်စက်ပိုင်ရှင် ဦးမြင့်သိန်းဟာ တပ်မ ၆၆ လက်အောက်ခံ ခလရ ၃၅ တပ်ရင်းကို ဆန်ရိက္ခာထောက်ပံ့ပေးနေသူဖြစ်ပြီး သူ့ရဲ့သား ရန်ကျော်ဟာ သာယာဝတီခရိုင် လုံခြုံရေးတာဝန်ခံ ဗိုလ်မှူး ရဲလင်းနိုင်နဲ့ အမြဲသောက်စားမူးယစ်ရမ်းကားကာ ပြည်သူကို ထိတ်လန့်အောင် ပြုမူနေခြင်း၊ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ခြင်းနဲ့ သူရရှိထားတဲ့ သေနတ်နဲ့ ခြိမ်း‌ခြောက်ခြင်းတို့ ပြုမူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နွားပွဲသမားတွေထံကလည်း မိုက်ကြေးခွဲ ငွေကြေးကောက်ခံပြီး စစ်အာဏာရှင် အလိုကျ ဆောင်ရွက်ပေးနေသူလို့လည်း ဆိုပါတယ်။
အဲဒီ တိုက်ခိုက်မှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂နဲ့သာယာဝတီခရိုင် PDF တပ်ရင်း ၃၈ဝ၂ တပ်ဖွဲ့ဝင်တွေပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။