ယူကရိန်းအတွက် ဒေါ်လာ ၄၀ ဘီလီယံ အကူအညီပေးရေး အမေရိကန်သမ္မတ လက်မှတ်ရေးထိုး

Photo – AP

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ယူကရိန်းကို ကန်ဒေါ်လာ ၄၀ ဘီလီယံ အကူအညီပေးရေး အစီအစဉ်ကို မေလ ၂၁ရက်မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ အိမ်ဖြူတော် အရာရှိ တစ်ဦးက ပြောပါတယ်။

ဝါရှင်တန်ကနေ သမ္မတဘိုင်ဒင် ထွက်ခွာသွားပြီးနောက် အထက်လွှတ်တော်က အခုလို အတည်ပြုခဲ့တာပါ။

အမေရိကန်သမ္မတ Biden ဟာ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol နဲ့အတူ နိုင်ငံတော်ညစာစားပွဲကို  တက်ရောက်နေချိန်မှာ ဥပဒေကြမ်းကို လက်မှတ် ရေးထိုးခဲ့တယ်လို့ အတည်ပြုချက် ထွက်ပေါ်လာပါတယ်။

အဲ့ဒီဥပဒေဟာ ယူကရိန်းမှာ  စစ်ဘက်ဆိုင်ရာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအတွက်ငွေကြေးထောက်ပံ့ပေးတာဖြစ်ပါတယ်။  

ယူကရိန်းစစ်တပ်နဲ့ အမျိုးသားလုံခြုံရေးတပ်ဖွဲ့တွေကို ကူညီဖို့ ရန်ပုံငွေ ပါဝင်ပြီး ယူကရိန်းကို ပေးပို့တဲ့ အမေရိကန် စက်ပစ္စည်း သိုလှောင်ရုံတွေကို ဖြည့်ဆည်းကူညီသွားမယ်လို့ ဆိုပါတယ်။

နိုင်ငံကထွက်ပြေးလာတဲ့ယူကရိန်းနိုင်ငံသားတွေအတွက် အိမ်ရာ၊ ထိခိုက်ဒဏ်ရာရမှု အထောက်အပံ့ အပါအဝင် ဒုက္ခသည်တွေထောက်ပံ့ကူညီမှု အားကောင်းစေဖို့ ဒေါ်လာ သန်း ၉၀၀ ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယူကရိန်းဒုက္ခသည်တွေအတွက် ပြည်သူ့ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ နောက်ထပ် ဒေါ်လာ ၅၄ သန်း ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။