မြောင်နဲ့ရေစကြို PDF တွေကို ဦးဆောင်မယ့် စစ်ရေးအတွေ့အကြုံရှိ ခေါင်းဆောင်တစ်ဦး အရေးပေါ် လိုအပ်နေ

မြောင်နဲ့ရေစကြိုမြို့နယ် အတွင်းရှိ PDF အဖွဲ့ပေါင်းစုံနဲ့ LDF တွေကို ဦးဆောင်အမိန့်ပေးနိုင်မယ့် စစ်ရေးအတွေ့အကြုံရှိခေါင်းဆောင်တစ်ဦး အရေးပေါ်လိုအပ်နေပြီလို့ ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ထုတ်ပြန်တဲ့ မြောင်နှင့်ရေစကြိုနယ်အတွက် စစ်ရေးအစီရင်ခံစာမှာ အဲဒီလို ဖော်ပြထားပါတယ်။
ဒါ့ကြောင့် EAOs လွတ်မြောက်နယ်မြေအတွင်း ရောက်ရှိနေတဲ့ CDM အရာရှိထဲကဖြစ်စေ၊ စစ်ရေးအတွေ့အကြုံရှိတဲ့ EAOs အရာရှိထဲကဖြစ်စေ ဦးဆောင်အမိန့်ပေးပြီး တန်ပြန်တိုက်ခိုက်ဖို့ အရေးပေါ် လိုအပ်နေတာကြောင့် NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အရေးပေါ် ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။
ဧရာဝတီနဲ့ ချင်းတွင်းမြစ်ဆုံရာ ကြက်လျှာစွန်းဒေသ ရေစကြိုနဲ့မြောင်မြို့နယ် ထိစပ်ရာဒေသဟာ တစ်ပိုင်းတစ်စ လွတ်မြောက်နယ်မြေ တစ်ခုဖြစ်ပေမယ့် အခုမိုးဦးပိုင်းကာလအတွင်း အကြမ်ဖက်စစ်တပ်ဟာ EAOs ဒေသတွေမှာ တိုက်စစ်လျှော့ချပြီး မြေပြန့်ဒေသတွေမှာ စိုးမိုးနယ်မြေ ချဲ့ထွင်မှုကို ဦးစားပေး လုပ်ဆောင်နေတယ်လို့ သုံးသပ်မိကြောင်း စစ်ရေးအတွေ့အကြုံနဲ့ ထောက်ပို့အင်အား အဆမတန် အင်အားနည်းတဲ့ PDF တွေကို ဖြိုခွင်းရင်း စိုးမိုးနယ်မြေကို ပြန်လည်ချဲ့ထွင်ဖို့ ကြိုးစားနေကြောင်း ဖော်ပြထားပါတယ်။
ရေစကြိုနဲ့ မြောင်မြို့နယ် ဒေသအတွင်း အကြမ်းဖက်စစ်တပ်ဟာ တစ်ရွာတည်းမှာ အခြေမစိုက်ဘဲ ရွာစဉ်အလိုက် မီးရှို့ဖျက်ဆီးပြီး အထိတ်တလန့် ဖြစ်စေခြင်းနဲ့ PDF တွေအပေါ် ထောက်ပို့လုပ်ငန်း နှောင့်နှေးအောင် ဆောင်ရွက်နေကြောင်း ဒါ့ကြောင့် ဒေသတွင်းရှိ PDF နဲ့ LDF တွေ ပြောက်ကျားစစ် ဆင်နွှဲဖို့ တစ်နေ့တခြား အားနည်းလာကြောင်း ဒေသတွင်းမှာ အင်အားတောင့်တင်းတဲ့ PDF အဖွဲ့ပေါင်းစုံနဲ့ လက်လုပ်လက်နက်များသာ ကိုင်ဆောင်နိုင်တဲ့ LDF များစွာရှိပြီး နိုင်ငံရေးအရ ဦးဆောင်နိုင်တဲ့ ပုဂ္ဂိုလ်များစွာ ရှိနေပေမဲ့ စစ်ရေးအရ ဦးဆောင်နိုင်သူ လုံးဝမရှိကြောင်း ဆိုပါတယ်။
အဲဒီလို အခြေအနေတွေအရ ကာလကြာလာရင် ဒေသတွင်း တစ်ပိုင်းတစ်စ လွတ်မြောက်နယ်မြေ ဖြစ်နေရာကနေ ရန်သူစိုးမိုးနယ်မြေအဖြစ် လုံးဝကျရောက်သွားပေတော့မယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
Photo-ရေလယ်ကျွန်းဒေသပြည်သူ့ ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်း
ပုံစာ-အကြမ်းဖက်စစ်တပ်မီးရှို့ဖျက်ဆီးခံနေရတဲ့ မြောင်နဲ့ရေစကြိုက ရွာတချို့