၄ ရက်ကြာတဲ့အထိ မြိုင်အနောက်ပိုင်းကို အင်တာနက်နဲ့ဖုန်းလိုင်း ဖြတ်တောက်ထား

မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်ပိုင်းကို အင်တာနက်ရောဖုန်းလိုင်းကိုပါ ဖြတ်တောက်ထားတာ ၄ ရက်ရှိပြီလို့ သိရပါတယ်။
မေလ ၁၈ ရက်နေ့ မနက်ပိုင်းကစပြီး မြိုင်မြို့နယ်အနောက်ပိုင်းမှာ ဘယ်ဖုန်းကတ်မှ လိုင်းမမိတော့ဘူးလို့ နွေဦး တော်လှန်ရေး-မြိုင်မြို့က ပြောပါတယ်။
‘အခုချိန်ထိကို ဖုန်းရောအင်တာနက်ရောမရသေးတာ’ လို့ နွေဦးတော်လှန်ရေး-မြိုင်မြို့သတင်းပေ့ချ်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
စစ်အုပ်စုဟာ မြိုင်မြို့နယ်ကို သတင်းအမှောင်ချပြီးအစွမ်းကုန်ယုတ်မာဖို့ ကြိုးစားနေတာလို့ နွေဦးတော်လှန်ရေး-မြိုင်မြို့က ဆိုပါတယ်။
‘စစ်ခွေးတွေက ထုံးစံအတိုင်းပါပဲ။ မြိုင်ကို စစ်ကြောင်းထိုးနေတာဆိုတော့ ဆက်သွယ်ရေးကွန်ရက်ကို လုံးဝဖြတ်တောက်ပစ်တာပါပဲ’ လို့ ပုလဲအခြေစိုက် ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ရဲ ဘော်ပေက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာ မြိုင်မြို့နယ်အတွင်းရှိ လက်ယက်မရွာထဲ အကြမ်းဖက်စစ်တပ် ထပ်မံရောက်ရှိလာကာ မေ ၁၄ ရက်နေ့ မီးရှို့စဉ်က မီးမလောင်ဘဲကျန်ခဲ့တဲ့အိမ်တွေကို ထပ်မံမီးရှို့ခဲ့ပါတယ်။
မေလ ၁၉ ရက်နေ့မနက်ပိုင်းက မြိုင်မြို့နယ်တောင်ပိုင်း၊ ပန်းတိုင်းတောရွာကို စစ်ကြောင်းထိုးမီးရှို့ပြီးနောက် တွင်းမကျေးရွာကို ပြန်ရောက်လာတဲ့ အကြမ်းဖက်တပ်ကို ည ၉ နာရီခွဲလောက်မှာ ဒေသတွင်းမဟာမိတ် တပ်ပေါင်းစုက သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာဒဏ်ရာရသူတွေလည်းများကြောင်း ဂဠုန်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။