ကရင်နီပြည်မှာ စက်သုံးဆီပြတ်လပ်မှု စတင်ကြုံတွေ့လာနေရ

Photo- မျိုးဆက်ပိုင်
ကရင်နီပြည်မှာ မေလ ၂၀ ရက်နေ့ကနေစပြီး စက်သုံးဆီပြတ်လပ်မှုကို ကြုံတွေ့နေရကာ စျေးနှုန်းတွေပါ မြင့်တက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်နီပြည်ရဲ့ နေရာတချို့မှာ မေလ၂၀ ရက်နေ့ကနေ စတင်ပြီး စက်သုံးဆီပြတ်လပ်နေကာ ဆီပြတ်လပ်မှုနဲ့အတူ ဆီစျေးနှုန်းတွေ တက်လာပြီး သယ်ယူပို့ဆောင်ရေးကိစ္စတွေမှာ အခက်အခဲဖြစ်လာမှာကို ဒေသခံတွေနဲ့ စစ်ဘေးရှောင် ကူညီရေးလုပ်ဆောင်သူတွေက စိုးရိမ်နေကြပါတယ်။
“ဒီမှာက လွန်ခဲ့တဲ့ လေးရက်လောက်ထဲက ဆီစပြတ်နေတာလွိုင်ကော်နဲ့ ဖယ်ခုံဆို ဝယ်လို့တောင်မရတော့ဘူးကြားတယ် ဒီနေရာမှာတော့ နည်းနည်းဝယ်လို့ရသေးတယ်” လို့ သျှမ်း -ကရင်နီ ဒေသအစပ်မှာ နေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။
စက်သုံးဆီပြတ်လပ်မှု ဆီစျေးကြီးမြှင့်မှုတွေကြောင့် ကြုံတွေနေရတဲ့ အခက်အခဲတွေကို စစ်ဘေးရှောင်တွေကို ကူညီရေးလုပ်နေတဲ့ လူငယ်တဦးက အခုလိုပဲဆိုပါတယ်။
“ဒီမှာက ဆီတစ်လီတာကို ၂၆၀၀ ကနေ ၃၀၀၀ ထိ တက်နေတာ လိုချင်ရင်တောင် ဝယ်မရတော့မယ့် အနေအထားမှာရှိတယ် ဆီပြတ်သွားတော့ စစ်ရှောင်တွေအတွက်ရိက္ခာ သယ်ယူပို့ဆောင်တဲ့ နေရာမှာ အတော်အခက်အခဲဖြစ်တယ် ပြီးတော့ ဒီကဒေသခံတွေက ဆိုင်ကယ်ကို အဓိကထားသုံးကြတာလေ ဆီမရှိတော့ သွားရေးလာရေးအတော်ခက်ခဲသွားတယ်” လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်မှု မရှိဟု စစ်အုပ်စုက မေလ ၁၉ ရက်နေ့မှာ လုပ်ဆောင်ခဲ့တဲ့ ဝါဒဖြန့်ချီရေး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပေမယ့် ရန်ကုန်အပါအဝင်မြို့ကြီးအတော်များများမှာ စက်သုံးဆီအလုအယက်ဝယ်ယူမှုတွေ ဖြစ်နေပြီး ဆီပြတ်လပ်မှုလဲစတင်ဖြစ်ပေါ်နေပါတယ်။