ချဲဗ်ရွန် ရှယ်ယာရှင်တွေထံ တောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာ ကိုပေးပို့

မြန်မာပြည်သူ ၁၆၀,၀၀၀ ကျော် လက်မှတ်ရေးထိုးကာ ချဲဗ်ရွန် (Chevron) ရှယ်ယာရှင်တွေထံ တောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာကို ပေးပို့ခဲ့ပြီးပြီလို့ သိရပါတယ်။
ဒီနေ့ မေလ ၂၁ ရက်နေ့ Anti-Chevron Day ( ကမ္ဘာလုံးဆိုင်ရာ ချဲဗ်ရွန်ကို ဆန့်ကျင်တဲ့နေ့) မှာ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ရေမွန်ရှိ ချဲဗ်ရွန် ရေနံချက် စက်ရုံရှေ့ သပိတ်မှောက် အလုပ်သမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြနေကြတဲ့ ဆန္ဒပြပွဲဆီ အိတ်ဖွင့်ပေးစာပေးပို့ခဲ့တာပါ။
အဓိက တောင်းဆိုချက်ကတော့ မေလ ၂၅ ရက် ရှယ်ယာရှင် အစည်းအဝေးမှာ ချဲဗ်ရွန်အနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ထားတဲ့ မြန်မာစစ်တပ်ကို ငွေကြေးလွှဲပြောင်းနေတာတွေ ရပ်တန့်ဖို့ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားနေတဲ့ Blood Money က ဆိုပါတယ်။
မေလ ၂၃ ရက်နေ့၊ ချဲဗ်ရွန် ရှယ်ယာရှင်များဆီ တိုက်ရိုက် အိတ်ဖွင့်ပေးစာ ထပ်မံပေးပို့မှာဖြစ်ပြီး လူထုလက်မှတ် ၂ သိန်းကျော်နဲ့ ပေးပို့နိုင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။
U.S. Securities and Exchange Commission (SEC) ကို တင်သွင်းတဲ့ စာတမ်းမှာလည်း အစုရှယ်ယာရှင်တွေအနေနဲ့ စစ်အုပ်စုကို ပေးနေတဲ့ ငွေကြေးတွေကို စစ်အုပ်စုကို ဆက်လက်ပေးနေမယ့်အစား တရားဝင်အသိအမှတ်ပြု မြန်မာနိုင်ငံအစိုးရကို နောင်မှပေးဖို့ ရည်ရွယ်ပြီး အက်စခရိုး အကောင့်ထဲမှာ ထိန်းသိမ်းထားဖို့ ချဲဗ်ရွန်ကို ပြင်းပြင်းထန်ထန် တိုက်တွန်းထားပါတယ်။
ချဲဗ်ရွန်က အကြမ်းဖက် စစ်အုပ်စုကို ဆက်လက်ငွေကြေး မထောက်ပံဖို့ မြန်မာလူထုရဲ့ တောင်းဆိုသံတွေ
လာမယ့် မေ ၂၅ ရက် အစုရှယ်ယာရှင် အစည်းအဝေးမှာ ပါဝင်လာအောင် ထုတ်ဖော်ပြသကြဖို့ လိုအပ်ပါတယ်။
ရေနံကုမ္ပဏီတွေက ပေးချေနေတဲ့ ငွေကြေးတွေဟာ စစ်အုပ်စုအတွက် သက်ဆိုးရှည်စေပြီး လူထုကို ဖိနှိပ်သတ်ဖြတ်ဖို့အတွက် အသုံးပြုနေတဲ့ သွေးစွန်ငွေတွေ ဖြစ်နေပါတယ်။