စစ်ကိုင်းတိုင်း မန္တလေး-မုံရွာကားလမ်း မြင်းမူမြို့အနီးမှာ မင်္ဂလာပွဲတစ်ခုကို သွားရောက်တဲ့ မိသားစုတစ်စုရဲ့ ကားကို စစ်အုပ်စုက ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် မော်တော်ယာဉ်ပေါ် လိုက်ပါလာသူ ဆေးတက္ကသိုလ်ကျောင်းသားတစ်ဦး ဦးခေါင်းကျည်ထိမှန်ခဲ့တယ်လို့ စစ်ကိုင်းမြို့ သတင်းမှန်က ဖော်ပြထားပါတယ်။
ဒီကနေ့ မေလ ၂၀ရက်နေ့ မနက် ၈နာရီလောက်မှာ မင်္ဂလာပွဲတစ်ခုကို သွားတဲ့ မိသားစုဝင် ၄ဦး စီးနင်းလာတဲ့ မော်တော်ယာဉ်တစ်စီးကို မုံရွာ-မန္တလေးလမ်းပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက ရုတ်တရက် သေနတ်ပစ်ဖောက် တားဆီးခဲ့ရာ ကားချက်ခြင်း မရပ်တန့်နိုင်ခဲ့တာကြောင့် စစ်အုပ်စုက သေနတ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် မော်တော်ယာဉ်ပေါ် လိုက်ပါလာသူ ဆေးတက္ကသိုလ်ကျောင်းသား ကိုကျော်ဇင်ညီရဲ့ ဦးခေါင်းကို ကျည်ထိမှန်ခဲ့ပြီး မုံရွာဆေးရုံကြီးကို ပို့ဆောင်ခဲ့ရတယ်လို့ ဒေသခံတွေကဆိုပါတယ်။
မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာ ရွှေဂဥကျောင်းထဲမှာ စစ်အုပ်စုက တပ်စွဲထားပြီး မုံရွာ-မန္တလေးလမ်းပေါ်မှာ ဖြတ်သန်းသွားလာတဲ့ မော်တော်ယာဉ်တွေနဲ့ ဆိုင်ကယ်တွေကို တားဆီးစစ်ဆေးပြီး ငွေကြေးတောင်းတာတွေ လုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။