
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း မုတ္တမကမ်းလွန်အနီးမှာ ဖြစ်ပေါ်ခဲ့တဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ဒီကနေ့ မေလ ၂၀ရက်နေ့ နေ့လည် ၂နာရီခန့်မှ စတင်ကာ မော်လမြိုင်မြို့မှာ လေပြင်းတွေ တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ပါတယ်။
လေပြင်းတိုက်ခတ်တာကြောင့် သစ်ပင်တွေ လမ်းမီးတိုင်တွေပြိုလဲခဲ့ပြီး အဆောက်အအုံအချို့ အမိုးတွေပျက်စီးတာတွေအထိ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လမ်းမီးတိုင်တွေပါ ပြိုလဲခဲ့တာကြောင့် မော်လမြိုင်မြို့ နေရာအများစုမှာ လျှပ်စစ်မီးပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မြို့ခံပြည်သူတွေ ပရဟိတအဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ အပျက်အစီးတွေကို လိုက်လံရှင်းလင်းနေရတယ်လို့ သိရပါတယ်။
လူထိခိုက် ဒဏ်ရာရရှိမှုတွေလည်း ရှိနေတယ်လို့ ဒေသခံအချို့က ပြောကြားခဲ့ပေမဲ့ DNA အနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မွန်ပြည်နယ် မော်လမြိုင်မြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်နေတဲ့ မုန်တိုင်းငယ်ကို မိုးလေဝသဌာနက အနီရောင်အဆင့် သတ်မှတ်ထားပြီး ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးတာ၊ နေရာကွက်ပြီး မိုးကြီးတာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။