အမေရိကန်နိုင်ငံမှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှု အတည်ပြု

Photo – CDC

မကြာသေးခင်က ကနေဒါကို ခရီးထွက်ခဲ့တဲ့ အမျိုးသားတစ်ဦးမှာ Monkeypox မျောက်ကျောက် ရောဂါကူးစက်ခံရမှု တစ်ခုကို အတည်ပြုခဲ့တယ်လို့ အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနက မေလ ၁၈ရက်မှာ ပြောပါတယ်။

 “ရောဂါပိုးဟာ မျောက်ကျောက်ရောဂါဖြစ်တယ်ဆိုတာ ဓာတ်ခွဲခန်းတွေက ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းမှာ အတည်ပြုခဲ့တယ်”လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (CDC)ကလည်း ပြောပါတယ်။

 မျောက်ကျောက်ရောဂါဟာ အာဖရိကတိုက်အနောက်ဘက်နဲ့ အလယ်ပိုင်းဒေသတွေမှာ အများဆုံးဖြစ်ပွားလေ့ရှိပါတယ်။  

ရောဂါမပြင်းထန်ပေမယ့် ရေကျောက်ရောဂါနဲ့ ဆင်တူတဲ့ ရှားပါးကူးစက်ဗိုင်းရပ်စ်ပိုးတစ်မျိုး ဖြစ်ပြီး အဲ့ဒီရောဂါကို ၁၉၇၀ ခုနှစ် ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ  ပထမဆုံး မှတ်တမ်းတင်ခဲ့တာပါ။

 လက္ခဏာတွေက  အဖျားတက် ၊ ခေါင်းကိုက်နဲ့ မျက်နှာပေါ်မှာ အရေပြားအဖုတွေထွက်ပြီး ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားတာတွေ ပါဝင်ပါတယ်။

 “ဗိုင်းရပ်စ်ဟာ လူတွေကြားမှာ အလွယ်တကူ မကူးစက်နိုင်ပေမယ့် ခန္ဓာကိုယ်က အရည်တွေ၊ မျောက်ပေါက်အနာတွေ၊ ညစ်ညမ်းနေတဲ့အဝတ်အစားတွေ၊ ဒါမှမဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်အမွှားတွေကတစ်ဆင့် ကူးစက်နိုင်တယ်” လို့ မက်ဆာချူးဆက်ပြည်နယ်အေဂျင်စီက ပြောခဲ့ပါတယ်။

မေလ ၁၈ရက်နေ့ မနက်အစောပိုင်းမှာ ပေါ်တူဂီအာဏာပိုင်တွေက ရောဂါကူးစက်ခံရသူ ငါးဦးကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီး စပိန်ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းတွေကလည်း ရောဂါ ဖြစ်နိုင်ချေရှိတဲ့ ဖြစ်ပွားမှု ၂၃ ခုကို စမ်းသပ်နေတယ်လို့  ပြောပါတယ်။

 ဗြိတိန်မှာ မေလ ၇ ရက်က မျောက်ကျောက် ရောဂါ ပထမဆုံးဖြစ်ပွားမှု သတင်းထုတ်ပြန်ပြီး ကတည်းက ဥရောပကျန်းမာရေးအာဏာပိုင်တွေဟာ ရောဂါဖြစ်ပွားမှုမှန်သမျှကို စောင့်ကြည့်နေခဲ့ပြီး အဲ့ဒီအချိန်ကစလို့  နိုင်ငံတွင်းမှာ နောက်ထပ် ခြောက်ဦးကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။