Google ရဲ့ ရုရှားလုပ်ငန်းခွဲ ဒေဝါလီခံတော့မယ် 

Photo – Reuters

ရုရှားအာဏာပိုင်တွေက  ဘဏ်အကောင့်ကို သိမ်းဆည်းပြီးနောက် Google က သူ့ ရဲ့ ရုရှားလုပ်ငန်းခွဲကို ဒေဝါလီခံဖို့ စီစဉ်နေတယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

“ဘဏ်အကောင့် သိမ်းဆည်းခံရ‌တာကြောင့် ဝန်ထမ်းနဲ့ စျေးရောင်းသူတွေကို ဝန်ဆောင်မှုပေးဖို့ မဖြစ်နိုင်ပေမယ့် Searchနဲ့ YouTube အပါအဝင် အခမဲ့ဝန်ဆောင်မှုတွေကတော့ ဆက်လက်လည်ပတ်နေဦးမှာဖြစ်တယ်” လို့ Google ရဲ့ပြောရေးဆိုခွင့်ရှိသူက မေလ ၁၈ရက်နေ့မှာ ပြောပါတယ်။

ရုရှားအာဏာပိုင်တွေက Google ရဲ့ ရုရှားဘဏ်အကောင့်ကို သိမ်းယူလိုက်တာဟာ ရုရှားအခြေစိုက် ဝန်ထမ်းတွေကို အလုပ်ခန့်တာ၊ ငွေပေးချေတာ၊ ပေးသွင်းသူတွေနဲ့ စျေးရောင်းသူတွေကို ပေးဆောင်တာ၊ တခြား ဘဏ္ဍာရေးဆိုင်ရာ တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းပေးတာတွေအပါအဝင် ရုရှားရုံးကို လည်ပတ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ သူက ဆက်ပြောပါတယ်။  

ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ရုရှားက ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်ကတည်းက Google ရဲ့ ရုရှားရုံးခွဲဟာ ဝန်ထမ်းအတော်များများကို ရုရှားနိုင်ငံကနေ ပြောင်းရွှေ့ခဲ့တာပါ။

မော်စကိုအစိုးရအနေနဲ့  တရားမဝင်လို့ယူဆတဲ့ အကြောင်းအရာတွေကို Google ဘက်က ဖျက်ပစ်ဖို့ အကြိမ်ကြိမ် ပျက်ကွက်ခဲ့တာနဲ့ ပတ်သတ်ပြီးတော့လည်း ရုရှားက Google ကို ရူဘယ် ၇ ဒဿမ ၂ ဘီလီယံ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ကောက်ခံခဲ့ပါသေးတယ်။

 “Googleရဲ့ ရုရှားလုပ်ငန်းခွဲဟာ ၂၀၂၁ မှာ ၀င်ငွေ ရူဘယ် ၁၃၄.၃ ဘီလီယံ ရှိတယ်” လို့ Interfax သတင်းအေဂျင်စီရဲ့ Spark ဒေတာဘေ့စ်မှာ ဖော်ပြချက်အရ သိရပါတယ်။