မြိုင်တောင်ပိုင်းကို အကြမ်းဖက်တပ် စစ်ကြောင်းထိုး၊ ပန်တိုင်းတောရွာကို မီးရှို့

ပုံစာ-ပန်တိုင်းတောရွာမီးရှို့ခံနေရပုံ
မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းကို ဒီနေ့မနက်မှာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပန်တိုင်းတောရွာကို မီးရှို့နေကြောင်း သိရပါတယ်။
ဒီနေ့မနက် ၇ နာရီလောက်ကစလို့ မြိုင်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်းစထိုးခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတို့ဟာ မနက် ၇ နာရီခွဲလောက်မှာ ပန်တိုင်းတောရွာရဲ့ အနောက်တောင်ဘက်ခြမ်းကနေ စတင်မီးရှို့ခဲ့တယ်လို့ နွေဦးတော်လှန်ရေး-မြိုင်မြို့က ဖော်ပြပါတယ်။
‘မီးရှို့ခံရတဲ့ အခြေအနေ နောက်ဆက်တွဲသတင်းတွေကိုတော့ ထပ်မသိသေးဘူး’ လို့ နွေဦးတော်လှန်ရေး-မြိုင်မြို့ သတင်းပေ့ချ် တာဝန်ရှိသူက ပြောပါတယ်။
ပန်တိုင်းတော၊ ညောင်ရွာနဲ့ ဇီးတောဘက်က ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေကို ဖမ်းဆီးဖို့ တွင်းမရွာ အရှေ့မြောက်ဘက်နဲ့ မြေရင့်ရွာ အရှေ့တောင်ဘက်မှာ တည်ရှိတဲ့ မိုးနက်ကန်တောထဲနဲ့ ပန်တိုင်းတော တောင်ဘက်မှာ အကြမ်းဖက်စစ်တပ် ကင်းပုန်းအင်းအား အများအပြား ချထားကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့ ကဖော်ပြပါတယ်။