မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပိတောက်ကန်ရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ဟာ လုယက်ထားသမျှ ပြည်သူပိုင် ပစ္စည်းတွေကို လှည်းတွေနဲ့တင်ကာ အထိုင်ချစခန်းဆီ ဒီနေ့မနက်မှာ ထွက်ခွာသွားကြပြီလို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ လက်ယက်မရွာ၊ ပြင်သာရွာ၊ကျောက်တောရွာ၊ တောင်ကိုင်းရွာ၊ ဖျသီးရွာ၊ သံဘိုရွာ၊ ပေါင်းတည်ရွာ၊ တောရွာနဲ့ ကြည့်ကန်ရွာတွေက လုယက်ထားတဲ့ ပစ္စည်းတွေကို စစ်တပ်အထိုင်ချထားတဲ့ ကန်နီရွာကို သယ်သွားကြတယ်လို့ ပုလဲအခြေစိုက်ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ပေက ပြောပါတယ်။
‘စားစရာဆန်ကို အဓိက လုသွားကြတယ်။ တော်တော်များတယ်လို့ သိရတယ်’ လို့ ရဲဘော်ပေက ပြောပါတယ်။
ကန်နီရွာဟာ အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး အဲဒီရွာမှာ လက်နက်ကိုင် ပျူစောထီး ၁၀၀ လောက်ရှိပြီး စစ်တပ်အထိုင်ချစခန်းလည်းရှိတယ်လို့ သိရပါတယ်။
‘အဲဒီရွာမှာ ပျူစောထီးဖွဲ့ထားတာလည်းကြာပြီ။ တပ်တွေခေါ်ထားတာလည်း ကြာပါပြီ’ လို့ ဒေသတွင်း တော်လှန်ရေးသတင်းတွေကို ထုတ်ပြန်နေတဲ့ နွေဦးတော်လှန်ရေး-မြိုင်မြို့သတင်းပေ့ချ်ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အခုအခါ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးဖို့ အကြမ်းဖက်စစ်တပ်အင်အားတွေ ထပ်ပို့နေတယ်လို့ သူက ပြောပါတယ်။
‘မနေ့က မြိုင်မြို့နဲ့ ကန်နီရွာကြားက ကျောင်းကုန်းရွာမြောက်ဘက် ပေတစ်ရာလမ်းပေါ်မှာ ထပ်ပို့တဲ့စစ်တပ် မိုင်းဆွဲခံရတယ်။ စစ်အင်အား ၄၀ လောက်ရှိမယ်’ လို့ သူကပြောပါတယ်။
မေလ ၁၇ ရက်နေ့က အကြမ်းဖက်စစ်တပ်ဟာ ပိတောက်ကန်ရွာထဲကို ထပ်မံရောက်ရှိလာကာ မီးမလောင်ဘဲ ကျန်ခဲ့တဲ့အိမ်တွေက ပစ္စည်းတွေကို ဖျက်ဆီးမွှေနှောက်ကာ ရွာအနီးမှာတွေ့တဲ့ကလေးငယ်ကို ဓားစားခံအဖြစ် ဖမ်းထားကြောင်းနွေဦးတော်လှန်ရေး- မြိုင်မြို့က ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
‘အဲဒီကလေးသတင်းကိုတော့ ထပ်မသိရသေးဘူး’ လို့ နွေဦးတော်လှန်ရေး-မြိုင်မြို့ သတင်းပေ့ချ်ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။