ပါကစ္စတန်မှာ အပူလှိုင်းဖြတ်ပြီးနောက် လူထောင်ချီ ကာလဝမ်းရောဂါ ဖြစ်ပွားနေ

Photo – CNN

ပါကစ္စတန်နိုင်ငံမှာ အခုသီတင်းပတ်အတွင်း ပြင်းထန်တဲ့အပူလှိုင်းဒဏ်ကြောင့် သောက်သုံးရေအခက်အခဲ ရင်ဆိုင်နေရသလို မသန့်ရှင်းတဲ့သောက်သုံးရေတွေကြောင့် နိုင်ငံအလယ်ပိုင်းမှာ လူပေါင်းထောင်ချီ ကာလဝမ်းရောဂါဖြစ်ပွားနေကြပါတယ်။  

ကာလဝမ်းရောဂါဖြစ်ပွားမှုကို Balochistan ပြည်နယ် ဝေးလံခေါင်သီပြီးတောင်ထူထပ်တဲ့ Pir Koh ဒေသမှာ ဧပြီလ ၁၇ ရက်က စတင်တွေ့ရှိခဲ့တာပါ။

အဲ့ဒီအချိန်ကစလို့ လူပေါင်း ၂၀၀၀ ကျော် ကူးစက်ခံထားရပြီး ခြောက်ဦး သေဆုံးခဲ့တယ်လို ကျန်းမာရေးဌာနက ပြောကြားချက်အရ သိရပါတယ်။ 

ကာလဝမ်းရောဂါဟာ ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ် လူထောင်ချီ သေဆုံးနေတာပါ။ ဘက်တီးရီးယားတွေပါ၀င်တဲ့အစာ ဒါမှမဟုတ် ရေကို စာသုံးမိတာနဲ့ အလွယ်တကူ ကူးစက်နိုင်ပါတယ်။

ပါကစ္စတန်နဲ့ အိန္ဒိယမှာ မကြာသေးမီရက်ပိုင်းအတွင်း အပူချိန် စံချိန်တင်အဆင့်ကို ရောက်ရှိခဲ့ပါတယ်။ ရာသီဥတုအကျပ်အတည်းကို တောင်အာရှအနှံ့  ခံစားနေရပြီး သန်းနဲ့ချီတဲ့ လူတွေရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်နေကြရတာပါ။

Sindh ပြည်နယ်အလယ်ပိုင်းရှိ Jacobabad မြို့ဟာ ကမ္ဘာ့အပူဆုံးမြို့တွေထဲက တမြို့ဖြစ်ပြီး တနင်္ဂနွေနေ့က အပူချိန် ၅၁ ဒီဂရီစင်တီဂရိတ် ကိုရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ 

၂၀၁၅ ခုနှစ် နွေရာသီမှာ ပါကစ္စတန်ရဲ့ အကြီးဆုံးမြို့ ကရာချိမှာ အပူလှိုင်းကြောင့် လူပေါင်း တစ်ထောင်ကျော် သေဆုံးခဲ့ပါတယ်။