ပိတောက်ကန်ရွာထဲ ရောက်နေတဲ့ အကြမ်းဖက်တပ် ၉ နှစ်ကလေးငယ်ကို ဓားစားခံအဖြစ် ဖမ်းဆီးထား

ပုံစာ-စစ်တပ်ဖျက်ဆီးခဲ့တဲ့ ပိတောက်ကန်ရွာ
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပိတောက်ကန်ရွာထဲ ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၉ နှစ်သားအရွယ် ကလေးတစ်ဦးကို ဓားစားခံအဖြစ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
မေလ ၁၇ ရက်နေ့က အကြမ်းဖက်စစ်တပ်ဟာ ပိတောက်ကန်ရွာထဲကို ထပ်မံရောက်ရှိလာကာ မီးမလောင်ဘဲ ကျန်ခဲ့တဲ့အိမ်တွေက ပစ္စည်းတွေကို ဖျက်ဆီးမွှေနှောက်ကာ ရွာအနီးမှာတွေ့တဲ့ ကလေးငယ်ကို ဖမ်းထားခြင်းဖြစ်ကြောင်းနွေဦးတော်လှန်ရေး- မြိုင်မြို့က ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
‘အခုချိန်ထိ ကလေးလွတ်တယ်လို့ သတင်းမကြားရသေးဘူး။စစ်ခွေးတွေက PDF တွေ တိုက်မှာကြောက်နေတော့ ကလေးကို ဓားစာခံအနေနဲ့ ဖမ်းထားတာ’ လို့ မြိုင်မြို့နယ်နေ တက်ကြွလူငယ်တစ်ဦးက ပြောပါတယ်။
ပိတောက်ကန်ရွာမှာ စစ်တပ်ရှိနေတာကြောင့် ရွာခြေပြန်ကပ်လာတဲ့ သံဘိုရွာ၊ ဖျသီးရွာက ဒေသခံတွေလည်း ပြန်လည်တိမ်းရှောင်ရပြီး စစ်ရှောင်စခန်း ၇ ခုမှာ စစ်ဘေးသင့်ပြည်သူ အလုံးအရင်းနဲ့ တိုးလာနေတယ်လို့ နွေဦးတော်လှန်ရေး- မြိုင်မြို့က ဖော်ပြပါတယ်။
‘စစ်ရှောင် စခန်းတစ်ခုဆို မနေ့က လူဦးရေ လေး၊ ငါးထောင်လောက်အထိ ဖြစ်သွားတယ်။ အိပ်ဖို့နေရာအခက်အခဲရှိတယ်။ စားဖို့လည်း ပြည်သူချင်းတတ်နိုင်သလောက် ဝေမျှ နေကြရတော့ စားသောက်ရေးအခက်အခဲလည်း စစ်ရှောင်စခန်း ၇ ခုစလုံးမှာ ဖြစ်ပေါ်နေတယ်’ လို့ တက်ကြွလူငယ်ကပြောပါတယ်။
လူဦးရေသုံးရာကျော်ရှိတဲ့ စစ်ရှောင်စခန်းမှာ လူ ၈၀၀၊၁၀၀၀ လောက်အထိ ဖြစ်သွားခဲ့ပြီး စစ်ရှောင်စခန်းတစ်ခုတည်းသာ လူ ၁၀၀ ဝန်းကျင်နဲ့ အနည်းဆုံးရှိနေတယ်လို့ သူကဆက်ပြောပါတယ်။
ဘေးလွတ်ရာ တောထဲမှာ ဖြစ်သလို နေနေကြတဲ့ စစ်ရှောင်ပြည်သူများစွာလည်း ရှိနေသေးတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မနေ့ညကအထိ လက်ယက်မရွာ အရှေ့ဘက်နဲ့ မြောက်ဘက် ဇရပ်မတွေမှာ နေထိုင်ကြပြီး တချို့ဖျားနာနေကြတာကြောင့် ဖျားနာနေသူတွေကို ပြန်လည်ပို့ဆောင်ဖို့ စောင့်ဆိုင်းနေတယ်လို့ နွေဦးတော်လှန်ရေး- မြိုင်မြို့က ထုတ်ပြန်ထားပါတယ်။
ဒီနေ့မနက်မှာ လက်ယက်မရွာကနေ စစ်သားတွေပြန်လည်ထွက်ခွာသွားခြင်း ရှိ၊ မရှိ မသိရသေးပါဘူး။
အိမ်ခြေ ၂၀၀၀ ကျော်ရှိတဲ့ လက်ယက်မရွာကို မေ ၁၄ ရက်နေ့ညနေပိုင်းမှာ အကြမ်းဖက်စစ်တပ်က လုယက်မီးရှို့ခဲ့ရာ အိမ် ၁၇၀၀ လောက် မီးလောင်ကျွမ်းခဲ့ကြောင်း ပုလဲအခြေစိုက် ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ရဲဘော်ပေက Delta News Agency ကို ပြောခဲ့ပါတယ်။