
အကြမ်းဖက်စစ်အုပ်စုရဲ့ လက်ချက်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ အနည်းဆုံး LGBTIQ ၁၇ ဦး ကျဆုံးခဲ့ပြီး ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။
မေလ ၁၇ ရက်နေ့၊ လိင်တူချစ်သူများနေ့မှာ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ‘သက်တန့်ရောင် နွေဦးသူရဲကောင်းများ’ ခေါင်းစဉ်နဲ့ အဲဒီလိုဖော်ပြထားပါတယ်။
LGBTIQ ပေါင်း ၈၅ ဦးထက်မနည်း မတရား ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပြီး LGBTIQ စုစုပေါင်း ၅၀ ဟာ ဖမ်းဝရမ်းကြောင့် တိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။
LGBTQ တွေဟာ အကြမ်းဖက်စစ်အုပ်စုကို နည်းလမ်းအမျိုးမျိုးနဲ့ နေရာအမျိုးမျိုးကနေ ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ပြီး သပိတ်စစ်ကြောင်းတွေ၊ PDF တပ်ရင်းတွေနဲ့ CDM ဝန်ထမ်းတွေကြားမှာ သက်တန့်ရောင် နွေဦးသူရဲကောင်းတွေ တိုက်ပွဲဝင်နေဆဲပဲလို့လည်း ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းက မြန်မာနိုင်ငံရှိ LGBTIQ တွေဟာ အကြမ်းဖက်အင်အား သုံးဖြိုခွင်းမှုကို မကြောက်မရွံ့ဘဲ ပြည်သူတွေထဲက ပြည်သူတွေပီသစွာနဲ့ နွေဦးတော်လှန်ရေးမှာ တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။