အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ နှိပ်စက်ထားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကားဆိပ်ရွာသား ၂ ဦးရဲ့အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ခင်ဦးမြို့နယ်၊ ကားဆိပ် (ခ) သက်သာပန်းတောင်းရွာထဲရောက်လာတဲ့ အကြမ်းဖက်တပ်ဟာ နေအိမ်တစ်လုံးကို အကြောင်းမဲ့မီးရှို့ခဲ့ပြီးနောက် ဖမ်းဆီးထားတဲ့ဒေသခံ ၆ ဦးအနက် ၂ ဦးကို ဝတ်လစ်စလစ် ဖြစ်တဲ့အထိ အကြမ်းဖက်နှိပ်စက်ခဲ့တယ်လို့ Khin U Local Guerrilla Force က ထုတ်ပြန်ပါတယ်။
အဲဒီနောက်စစ်တပ်ဟာ ကားဆိပ်ကနေ သရက်ပင်စုရွာ (ဟောင်း) ဘက် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ဒေသခံ အသက် ၆၅ နှစ်အရွယ် အဖိုးအိုတစ်ဦးကို ထိမှန်ခဲ့ကာ ကုသမှု ခံယူနေရပါတယ်။
အင်အား ၆၀ လောက်ရှိတဲ့ စစ်တပ်ဟာ ဒီနေ့မနက် ၆ နာရီလောက်က ရေဦးကနေ ခင်ဦးနယ်ဘက် ရောက်ရှိလာတာပါ။