ထိုင်းနိုင်ငံမှာ ဆေးခြောက်ပင်တစ်သန်း အခမဲ့ဖြန့်ဝေမယ်လို့ ကျန်းမာရေးဝန်ကြီးပြော

Photo – Thai Ministry of Public Health

အိမ်တွင်းဆေးခြောက်စိုက်ပျိုးခွင့်ဥပဒေသစ် သတ်မှတ်ဖို့  ဇွန်လအတွင်း နိုင်ငံတဝှမ်းကအိမ်ထောင်စုတွေကို ထိုင်းအစိုးရက ဆေးခြောက်ပင်တစ်သန်း အခမဲ့ ဖြန့်ဝေသွားမယ်လို့ ကျန်းမာရေးဝန်ကြီးက ဆိုပါတယ်။

ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က အိမ်စားသီးနှံတွေလိုပဲ ဆေးခြောက်ပင်တွေကို စိုက်ပျိုးဖို့ ရည်ရွယ်ထားတယ်လို့ မေလ ၈ ရက်က သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

စည်းမျဉ်းသစ်က ဇွန်လ ၉ ရက်နေ့မှာ စတင်အသက်ဝင်မှာဖြစ်ပြီး  ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ဆီ အသိပေးပြီး ဒေသခံတွေကို အိမ်မှာ ဆေးခြောက်ပင် စိုက်ပျိုးခွင့်ပြုသွားမှာပါ။ ဒါပေမယ့် အပင်တွေကို ဆေးပညာအဆင့်နဲ့ ဆေးဘက်ဆိုင်ရာရည်ရွယ်ချက်တွေအတွက် သီးသန့်အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လိုင်စင်မရှိဘဲ စီးပွားဖြစ်ရည်ရွယ်ချက်အတွက် အသုံးပြုခွင့်ပေးမှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

အဲဒီဥပဒေသစ်ဟာ ထိုင်းနိုင်ငံရဲ့ဆေးခြောက်ကို ငွေသားသီးနှံအဖြစ်မြှင့်တင့်ဖို့ နောက်ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ လုပ်သားအင်အားသုံးပုံတစ်ပုံလောက်ဟာ စိုက်ပျိုးရေးကဏ္ဍမှာ လုပ်ကိုင်နေကြတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ သိရပါတယ်။

ထိုင်းနိုင်ငံဟာ တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေကို  ပြင်းပြင်းထန်ထန်နှိမ်နင်းကိုင်တွယ်လေ့ရှိတဲ့ နိုင်ငံအဖြစ် လူသိများပေမယ့်  ၂၀၁၈ ခုနှစ်မှာတော့ ဆေးဘက်ဆိုင်ရာ သုတေသနအတွက် အသုံးပြုခွင့်နဲ့ သုံးစွဲခွင့်အတွက် ဆေးခြောက်ကို တရားဝင်ခွင့်ပြုတဲ့ အရှေ့တောင်အာရှရဲ့  ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။