လူသိများတဲ့ Al Jazeera သတင်းထောက် Shireen Abu Akleh အသတ်ခံရမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂအကြီးတန်းအရာရှိတွေက မေလ ၁၁ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ ပါလက်စတိုင်း-အမေရိကန် သတင်းသမား Shireen Abu Akleh ဟာ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း ဒေသမှာ အစ္စရေးလ်စစ်တပ်ရဲ့ စစ်ဆင်ရေးတခုကို သတင်းယူနေစဉ် မီဒီယာသမားအဖြစ် အထင်အရှား ဝတ်ဆင်ထားလျက်နဲ့ ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။
အဲဒီဖြစ်စဉ်မှာ သူရဲ့ Producer ဖြစ်သူ သတင်းထောက် Ali Samoudi လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) ညွှန်ကြားရေးမှူးချုပ် Audrey Azoulay က သတင်းသမား အသတ်ခံရမှုအပေါ် ရှုတ်ချကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ပဋိပက္ခဖြစ်ပွားရာဒေသမှာ သတင်းထောက်တစ်ဦးကို သတ်ဖြတ်တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ပါတယ်။ ဒီဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်ပြီး တာဝန်ရှိတဲ့သူတွေကို တရားစီရင်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တောင်းဆိုထားတယ်လို့ Azoulay က ပြောပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ နိဒ့်ပရိုက်စက်တို့ကလည်း သတင်းထောက်တွေအပေါ် တိုက်ခိုက်သတ်ဖြတ်မှုအားလုံးကို ရှုတ်ချကြောင်းနဲ့ အမြန်ဆုံး စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ တိုက်တွန်းထားကြပါတယ်။