သြဂုတ်လမှာ နယူးဇီလန်နယ်နမိတ်တွေကို အပြည့်အဝပြန်လည်ဖွင့်မယ်လို့ ဝန်ကြီးချုပ် Jacinda Ardern က မေလ ၁၁ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ဒါဟာ အပြင်းထန်ဆုံးကိုဗစ်-၁၉ တိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ကန့်သတ်ချက်တွေထဲက တစ်ခုကို အဆုံးသတ် လိုက်တာပါ။
“နယူးဇီလန်ဟာ ဝယ်လိုအားရှိနေပြီဖြစ်ပြီး စီးပွားရေးအတွက် အပြည့်အဝဖွင့်လှစ်သွားမယ်” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ဇူလိုင်လ ၃၁ရက်နေ့မှာ နယ်ခြားစောင့်ဂိတ်တွေကို အပြည့်အဝရုတ်သိမ်းမှာဖြစ်ပြီး မထွက်ခွာမီ အကြိုစစ်ဆေးမှုအားလုံးကိုလည်း ဖြေလျော့သွားမှာ ဖြစ်ပါတယ်။
နယူးဇီလန်ဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုနှုန်း အနိမ့်ဆုံးနိုင်ငံတစ်ခု ဖြစ်ပေမယ့် တင်းကြပ်တဲ့ စည်းမျဉ်းတွေကြောင့် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။
ကပ်ရောဂါကာလအတွင်း နယူးဇီလန်ကို ဝင်ရောက်လာတဲ့ ပြည်ပခရီးသွားတွေဟာ အစိုးရပိုင်ဟိုတယ်တွေမှာ နှစ်ပတ်ကြာ ကွာရန်တင်းဝင်ရပြီး အဲဒီဟိုတယ်တွေကို စစ်တပ်က လုံခြုံရေးယူထားတာပါ။
နယူးဇီလန်မှာ နေထိုင်သူတွေနဲ့ ဗီဇာကင်းလွတ်ခွင့်သဘောတူထားတဲ့ နိုင်ငံတွေက ခရီးသွားတွေအတွက် အဲဒီကန့်သတ်ချက်တွေကို လျှော့ချထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ကျန်ကမ္ဘာ့နိုင်ငံတွေက ခရီးသွားတွေကိုတော့ အောက်တိုဘာလအထိ စောင့်ဆိုင်းဖို့ ညွှန်ကြားထားခဲ့တာပါ။
နယူးဇီလန်နိုင်ငံဟာ ၂၀၁၉ မှာ ပြည်ပခရီးသွားဝင်ရောက်မှု ၃ ဒဿမ ၉ သန်း ရှိခဲ့ပါတယ်။ ကပ်ရောဂါမဖြစ်ပွားခင်က ခရီးသွားလုပ်ငန်းကနေ အကြီးမားဆုံး ပို့ကုန်ဝင်ငွေအဖြစ် နှစ်စဉ် ၁၀ ဘီလီယံကျော် ရရှိခဲ့တာ ဖြစ်ပါတယ်။