မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းပေါ် ပြန်ရောက်ရေး ကန်နဲ့အာဆီယံ ပူးပေါင်းဆောင်ရွက်မှုက အဓိက ကျ

Photo- Reuters
မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရေး အတွက် အမေရိကန်နဲ့ အာဆီယံ ပူးပေါင်းဆောင်ရွက်မှုက အဓိက ကျတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က မေလ ၁၀ ရက်နေ့သတင်းစာရှင်းလင်းပွဲမှ ာအဲဒီလိုပြောကြားခဲ့ကြောင်း VOA က ဖော်ပြပါတယ်။
မြန်မာနိုင်ငံ အရေးဟာ မကြာမီကျင်းပတော့မယ့် အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးစရာ ကိစ္စအဖြစ် သေချာပေါက် ရှိမယ်လို့လည်း သူကခန့်မှန်းပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အနေနဲ့ အနှစ်သာရရှိရှိ မြန်မာနိုင်ငံကို ချက်ချင်း သွားရောက်ရေးနဲ့ ဒီမိုကရေစီ အင်အားစုထဲက ကိုယ်စားလှယ်တွေ အပါအဝင် သက်ဆိုင်သူ အားလုံးနဲ့ ဆွေးနွေးနိုင်ရေး ဆောင်ရွက်ပေးဖို့လည်း သူကပြောဆိုပါတယ်။
မြန်မာ့ အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်အုပ်စုဘက်က အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေပြီး မြန်မာပြည်သူတွေ အပေါ်မှာ ဆက်လက်ဖိနှိပ်၊ အကြမ်းဖက်မှုတွေ ဆက်လုပ်နေတယ်လို့ သူကဆက်ပြောပါတယ်။