မင်းအောင်လှိုင်မတရားသိမ်းထားတဲ့ ၁၄/အင်းလျား ကန်ဒေါ်လာ၃သန်းဖိုး ရောင်းချပြီးပြီ

အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် မတရားသိမ်းထားတဲ့ ရန်ကုန်မြို့ရှိ ၁၄/အင်းလျားအိမ်နဲ့ခြံ ရောင်း ချမှု ၅ရက်မြောက်မှာ အမေရိကန်ဒေါ်လာ၃သန်းဖိုး ဝယ်ယူပြီးပြီလို့ သိရပါတယ်။
‘စတင်ရောင်းချပြီး ငါးရက်ပြည့်မြောက်ချိန်မှာ ပြည်တွင်း၊ပြည်ပကနေ တခဲနက် ဝယ်ယူအားပေးကြတာ အမေရိကန်ဒေါ်လာ ၃ သန်း ပြည့်မီသွားပြီ ဖြစ်ပါတယ်’လို့ အာဏာရှင်အဆုံးသတ်နိဂုံး ( The End of Dictatorship- EOD)အစီအစဉ်ကဆိုပါတယ်။
ဒီနေ့အချိန်ထိ စုစုပေါင်းရှယ်ယာဝယ်ယူမှု အကြိမ်ရေငါးထောင်ကျော်ရှိတဲ့အနက် ၁၀ရာခိုင်နှုန်းကျော်က နိုင်ငံခြားသားတွေဝယ်ယူကြတာ ဖြစ်ပြီး အဲဒီနိုင်ငံခြားသားတွေထဲမှာ အကြောင်းကြောင်းကြောင့် မြန်မာနိုင်ငံသား အဖြစ်ကို စွန့်လွှတ်ပြီး နိုင်ငံခြားသားခံယူလိုက်သူတွေ ပါသလို၊ မြန်မာပြည်ဖွား မဟုတ်တဲ့ နိုင်ငံခြားသားတွေလည်း ပါဝင်တယ်လို့ EOD ကဒီကနေ့မနက်ထုတ်ပြန်ပါတယ်။
အာဏာရှင်အဆုံးသတ်နိဂုံး (The End of Dictatorship- EOD) အစီအစဉ်ရဲ့ ပထမဆုံးခြေလှမ်းအဖြစ် မင်းအောင်လှိုင် မတရားသဖြင့် ရယူသိမ်းပိုက်ထားတဲ့ ၁၄/ အင်းလျား အိမ်နဲ့ခြံကို ရှယ်ယာတစ်စုကို အမေရိကန်ဒေါ်လာ ၁၀၀ နဲ့ကြိုတင်ရောင်းချနေတာပါ။
အဲဒီနိုင်ငံတော်ပိုင်မြေဟာ ၁ဒဿမ၈၆ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်တန်ကြေးရှိပါတယ်။
အခု ရောင်းချတာကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၁၀ သန်းသာ တန်ဖိုးဖြတ်ပြီးအစုရှယ်ယာ တစ်သိန်းတိတိ ရောင်းချနေခြင်းဖြစ်ပါတယ်။
အခုကန်ဒေါ်လာ ၃သန်းဖိုး ဝယ်ယူပြီးပြီမို့ ၁၄/အင်းလျားမစ်ရှင် ၃ ပုံ ၁ ပုံ ခန့် အောင်မြင်ခဲ့ပြီဖြစ်ပါတယ်။