ပြုံယမ်းဟာ ခြိမ်းခြောက်မှုတွေလုပ်နေပေမယ့် ဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့ တောင်ကိုရီးယား သမ္မတသစ်ပြော

Photo- Reuters

မြောက်ကိုရီးယားရဲ့လက်နက်အစီအစဉ်တွေဟာ  ခြိမ်းခြောက်မှုဖြစ်စေပေမယ့်  မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားကင်းစင်ရေးကို ကတိကဝတ်ပြုပါက စီးပွားရေးအစီအစဉ်ကို ထောက်ပံ့ပေးဖို့ အသင့်ရှိနေပါတယ်လို့ တောင်ကိုရီးယားသမ္မတသစ် Yoon Suk-yeol က မေလ ၁၀ ရက် အင်္ဂါနေ့မှာ ပြောကြားပါတယ်။

ဆိုးလ်မြို့ပါလီမန်ရှေ့မှာ  ကျမ်းသစ္စာကျိန်ဆိုပြီးနောက် သူ့ရဲ့ ရာထူးအပ်နှင်းပွဲမိန့်ခွန်းမှာ အခုလို မှတ်ချက်ပေးခဲ့တာလည်းဖြစ်ပါတယ်။

Yoon ဟာ အစိုးရရှေ့နေအဖြစ် ၂၆ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် နိုင်ငံရေးလောကသို့ ဝင်ရောက်ပြီး တစ်နှစ်မပြည့်မီ ကွန်ဆာဗေးတစ် ပြည်သူ့အာဏာပါတီရဲ့ စံပြပုဂ္ဂိုလ်အဖြစ် မတ်လအတွင်း ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာပါ။

“မြောက်ကိုရီးယားရဲ့ နျူလက်နက်အစီအစဉ်တွေဟာ ကျွန်တော်တို့ရဲ့ လုံခြုံရေးနဲ့ အရှေ့မြောက်အာရှအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေပေမယ့် ဒီခြိမ်းခြောက်မှုကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးရေးတံခါးကို ဆက်လက်ဖွင့်ထားမှာပါ”လို့ ယွန်က ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားကင်းစင်ရေးလုပ်ငန်းစဉ်ကို အမှန်တကယ်စတင်ဆောင်ရွက်မယ်ဆိုရင်  မြောက်ကိုရီးယားရဲ့စီးပွားရေးကို ကြီးကြီးမားမားခိုင်မာစေပြီး ပြည်သူတွေရဲ့ဘဝအရည်အသွေးကို မြှင့်တင်ပေးမယ့် အစီအစဉ်ကို တင်ပြပြီး နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လက်တွဲလုပ်ဆောင်ဖို့ အသင့်ရှိပါတယ်လို့လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။