တပ်ရင်းရိက္ခာငွေ သိန်း ၆၀၀ ကိုယူပြီး တပ်ရင်းမှူးနဲ့ တပ်ရေးဗိုလ် ထွက်ပြေး

Photo- AFP
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်တပ်ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တပ်ရင်း ၁၄၄ က တပ်ရင်းမှူး ဗိုလ်မှူးကြီး ရာဇာမင်းနဲ့ တပ်ရေးဗိုလ် အောင်ဆန်းဦးတို့ဟာ တပ်ရင်းရဲ့ ရိက္ခာငွေတွေကို ထုတ်ယူပြီးနောက် ထွက်ပြေးသွားခဲ့တယ်လို့ ဒေသတွင်း သတင်းဌာန တစ်ခုဖြစ်တဲ့ ရွှေဖီဖြေ သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဧပြီလ ၂၀ ရက်နေ့က ထွက်ပြေးကြတာဖြစ်ပြီး သူတို့ယူဆောင်သွားတဲ့ ငွေတွေဟာ တပ်ရင်း တစ်ရင်းစာ ရိက္ခာငွေတွေဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့ နှစ်ယောက်က CDM လုပ်တာလည်း မဟုတ်ဘူး။ သူတို့တပ်ရင်း တစ်လစာ ရိက္ခာကို ထုတ်ပြီးတော့ ထွက်ပြေးကြတယ်။ ဘယ်မှာ သွားခိုကြလဲတော့ မသိဘူး” လို့ ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေမှာ ဖြေကြားထားပါတယ်။
ဧပြီလ ၄ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း တအောင်းဒေသ နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာ တပ်စခန်းကုန်းမှာရှိတဲ့ စစ်အုပ်စု တပ်ရင်း ၂၅၂ က တပ်သား ၄ ဦးဟာ CDM လုပ်ဆောင်ပြီး ပြည်သူ့ထံမှာ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Credit- ရွှေဖီမြေ