ရုရှားကျူးကျော်မှုနောက်ပိုင်း ယူကရိန်းမှာ မိုင်းရှာခွေးတွေရဲ့ သီးသန့်တာဝန်ထမ်းဆောင်တာကို အသိအမှတ်ပြုဖို့အတွက် ယူကရိန်း သမ္မတဇလန်းစကီးဟာ နာမည်ကျော် မိုင်းရှာခွေး Patron နဲ့ သူ့ရဲ့ပိုင်ရှင်ကို မေ ၈ ရက်မှာ ဆုတံဆိပ်ချီးမြင့်ခဲ့ပါတယ်။
Jack Russell ခွေးအမျိုးအစားဖြစ်တဲ့ Patron ဟာ ဖေဖော်ဝါရီ ၂၄ ရက် စစ်ပွဲစတင်ကတည်းက ဖောက်ခွဲရေးပစ္စည်း ၂၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ပေါက်ကွဲမှုကို တားဆီးနိုင်ခဲ့ကြောင့် အခုလို အသိအမှတ်ပြုခံခဲ့ရာပါ။
ကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့ ကိယက်ဗ် မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ဇေလန်းစကီးက Patron ကို ဆုချီးမြင့်ခဲ့တာပါ။
“ဒီနေ့၊ ကျနော်တို့မိုင်းတွင်းတွေကို ရှင်းလင်းဖယ်ရှားပေးတဲ့ ယူကရိန်းသူရဲကောင်းတွေကို ဆုချီးမြှင့်ချင်ပါတယ်။ ပြီးတော့ အကူအညီပေးတတ်တဲ့ အံ့ဖွယ်ခွေးလေး Patron ဟာ ကျနော်တို့ရဲ့ သူရဲကောင်းတွေနဲ့အတူ မိုင်းအန္တရာယ်ရှိတဲ့ ဒေသတွေမှာ ပေါက်ကွဲပစ္စည်းတွေကို ချေဖျက်ပေးရုံသာမကဘဲ ကျွန်တော်တို့ရဲ့ ကလေးတွေကို လိုအပ်တဲ့ ဘေးကင်းရေး စည်းကမ်းတွေကိုလည်း သင်ကြားပေးသွားမှာဖြစ်ပါတယ်’’လို့ ဇလန်းစကီးက အခမ်းအနားအပြီးမှာ ပြောခဲ့ပါတယ်။
ဆုကိုတော့ အရပ်ဘက်ကာကွယ်ရေးဌာနရဲ့ ဗိုလ်မှူးတဦးဖြစ်တဲ့ Patron ရဲ့ ပိုင်ရှင် Myhailo Iliev ကို ပေးအပ်ခဲ့ပါတယ်။