ကျောက်ပန်းတောင်းမြို့ရှိ စစ်အုပ်စုပိုင် မြန်မာဘီယာရုံး အတိုက်ခံရ

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုပိုင် မြန်မာဘီယာရုံးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၉ရက်နေ့ မနက်ပိုင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ကျောက်ပန်းတောင်းမြို့နယ်လုံးဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ KDFက သူတို့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိခဲ့ဘဲ မြန်မာဘီယာဖြန့်ချီရေးကားတွေနဲ့ ဘီယာဖာအချို့ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ကျောက်ပန်းတောင်းမြို့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ထုတ်ကုန်တွေကို မရောင်းချကြဖို့နဲ့ စားသောက်ဆိုင်နဲ့ စတိုးဆိုင်တွေမှာလည်း စစ်အုပ်စုထုတ်ကုန်တွေကို တင်မရောင်းဖို့ KDFက မေတ္တာရပ်ခံထားပါတယ်။