စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ၄ ရက်တာအတွင်း အကြမ်းဖက်စစ်သား ၁၅ ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း မြောင်အခြေစိုက်Young Fighters People’s Defence Force က ထုတ်ပြန်ပါတယ်။
မေလ ၆ ရက်နေ့မှာ မယ်မသော်ကနေ မြစ်ဆုံကို သွားနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးခဲ့ပြီး မေလ ၅ ရက်နေ့ ကင်းရွာကနေ နဂါးပေါက်၊ နဂါးပေါက်ကနေ မယ်မသော်ဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦး သေဆုံးကာ ဒဏ်ရာရ ၃ ဦးရှိခဲ့ကြောင်းသိရပါတယ်။
မေ ၄ ရက်နေ့မှာတော့ မင်းတန်းကနေ သောင်ကြီး၊ သောင်ကြီးကနေ ကင်းရွာကို သွားနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို လမ်းခုလပ်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ကျောပိုးအိတ်၊ ဂျီသရီး ကျည် ၇၅ တောင့်နဲ့ ဆွဲကြိုးတစ်ကုံး (ရွှေစစ်၊ မစစ်မသိရ) တို့ သိမ်းဆည်းရမိပါတယ်။
မေ ၃ ရက်နေ့မှာ ပေါက်တောကနေ မင်းတန်းလက် ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲတွေမှာ Young Fighters People’s Defence Force နဲ့အတူ မဟာမိတ် ၁၇ ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ ဧပြီလကုန်ကစပြီး မြောင်မြို့နယ်အတွင်းကို အကြမ်းဖက်စစ်တပ်ဟာ သာလွန်အင်အားနဲ့ ကျူးကျော်ဝင်ရောက်လာကာ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ရုံတင်မက ပြည်သူပိုင် အိုးအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေပါတယ်။