ဂျပန်နိုင်ငံဟာ ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုကို တန်ပြန်ဖို့ G-7 အဖွဲ့ရဲ့လှုပ်ရှားမှု တစ်စိတ်တစ်ဒေသအဖြစ် ရုရှားရေနံစိမ်းတင်သွင်းမှုကို မူသဘောအရ ပိတ်ပင်သွားမယ်လို့ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ က မေလ ၈ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့က ကျင်းပတဲ့ G-7 ခေါင်းဆောင်တွေရဲ့ အွန်လိုင်းအစည်းအဝေးပွဲအပြီးမှာ ဂျပန်ဝန်ကြီးချုပ်က အခုလိုပြောခဲ့တာပါ။
G-7 နိုင်ငံတွေဟာ ရုရှားရေနံတင်သွင်းမှုကို တားမြစ်ဖို့ ဒါမှမဟုတ် ရပ်ဆိုင်းဖို့ ကတိပြုထားပြီး၊ ယူကရိန်းအပေါ်် ကျူးကျော်မှုနဲ့ အသေအပျောက်များတဲ့နောက်ဆက်တွဲအဖြစ် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖိအားပေးဖို့ အနောက်နိုင်ငံတွေတွေက နောက်ဆုံးကြိုးပမ်းမှုအနေနဲ့ ပြုလုပ်ခဲ့ကြပါတယ်။
“စွမ်းအင်တင်သွင်းမှုအပေါ် အလွန်အမင်း မှီခိုနေရတဲ့ နိုင်ငံအတွက် ဒါဟာ အလွန်ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုပါတယ်။ ဒါပေမယ့် G-7ရဲ့ ညှိနှိုင်းမှုဟာ အခုလိုအချိန်မှာ အရေးကြီးဆုံးဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ်က အစိုးရထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ရုရှားဟာ ဂျပန်နိုင်ငံရဲ့ ပဉ္စမမြောက် ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) အကြီးမားဆုံး တင်သွင်းသူဖြစ်ပါတယ်။
ရုရှားရေနံတင်သွင်းမှုကို ရပ်ဆိုင်းတာ ဒါမှမဟုတ် တားမြစ်တာ အပါအဝင် ရုရှားစွမ်းအင်အပေါ် မှီခိုအားထားနေရတာတွေကို ရပ်တန့်ဖို့ ကတိပြုတယ်။ အချိန်မီ စနစ်တကျ လုပ်ဆောင်နိုင်မှာ သေချာပါတယ် လို့ ဝန်ကြီးချုပ် ကီရှီဒါ က ပူးတွဲကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။
ဂျပန်အစိုးရနဲ့ ကုမ္ပဏီတွေဟာ ရုရှားမှာရှိတဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) စီမံကိန်းမှာ အစုရှယ်ယာတွေပိုင်ဆိုင်ထားပြီး Exxon Mobil (အက်စွန် မိုဘိုလ်) ကော်ပိုရေးရှင်းနဲ့ Shell PLC ကုမ္ပဏီတို့နဲ့လည်း မိတ်ဖက်တွေအဖြစ် လက်တွဲလုပ်ကိုင်ခဲ့ရာ လက်ရှိမှာတော့ အဲဒီစီမံကိန်းကနေ ထွက်မယ်လို့ ကြေညာထားပါတယ်။