မင်းအောင်လှိုင်မတရားသိမ်းထားတဲ့ ၁၄ /အင်းလျား အစုရှယ်ယာ ရောင်းအား ကန်ဒေါ်လာ ၂ သန်း ပြည့်ပြီ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မတရားသိမ်းထားတဲ့ ၁၄ /အင်းလျား အစုရှယ်ယာ ရောင်းအားဟာ ၃ရက်အတွင်း ကန်ဒေါ်လာ ၂ သန်း ပြည့်သွားပြီလို့ သိရပါတယ်။
တနည်းအားဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ အိမ်နဲ့ခြံမြေရဲ့ ရာခိုင်နှုန်း၂၀ ကို ပြည်သူက ၃ ရက်အတွင်း ပြန်လည်သိမ်းပိုက်နိုင်လိုက်တာပဲဖြစ်တယ်လို့ အာဏာရှင်အဆုံးသတ်နိဂုံး ( The End of Dictatorship- EOD)ကဖော်ပြပါတယ်။
ဝယ်လိုအားတွေ တရိပ်ရိပ်တက်နေတာမို့ ရည်မှန်းထားတဲ့ ဒေါ်လာ ၁၀ သန်းပြည့်ဖို့ ရက်သတ္တပတ်များစွာ ကြာမှာ မဟုတ်ပါဘူးလို့ဆိုသလိုကမ္ဘာတလွှား အရောင်းကိုယ်စားလှယ်တွေ အားလုံးလည်း နေ့မအား ညမအား လက်မလည်နိုင်အောင် ရောင်းချပေးနေတယ်လို့ EOD ကဆိုပါတယ်။
အာဏာရှင်အဆက်ဆက် အာဏာငမ်းဖမ်းခဲ့တဲ့ နောက်ကွယ်က တစ်ခုတည်းသော အကြောင်းရင်းက အာဏာကြောင့်ရရှိလာတဲ့ ကိုယ်ကျိုးစီးပွား၊ စည်းစိမ်ဥစ္စာပဲဖြစ်ကြောင်း
နွေဦးတော်လှန်ရေးကနေ အာဏာရှင်တွေကို ပေးရမယ့် သင်ခန်းစာက ရှေ့လျှောက်အာဏာငမ်းဖမ်းရဲသူတွေရဲ့ ရလဒ်က ရှိရင်းစွဲစည်းစိမ်ဥစ္စာတောင် ဆုံးရှုံးရလိမ့်မယ် ဆိုတဲ့ အချက်ပဲဖြစ်ကြောင်း လည်း အာဏာရှင်အဆုံးသတ်နိဂုံး- The End of Dictatorship (EOD) ဖော်ပြထားပါတယ်။
အာဏာရှင်အဆုံးသတ်နိဂုံး (The End of Dictatorship- EOD) ပရိုဂရမ်ရဲ့ ပထမဆုံးခြေလှမ်းအဖြစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူသိမ်းပိုက်ထားတဲ့ ၁၄/ အင်းလျား အိမ်နဲ့ခြံကို ရှယ်ယာတစ်စုကို အမေရိကန်ဒေါ်လာ ၁၀၀ နဲ့ကြိုတင်ရောင်းချနေတာပါ။
အဲဒီနိုင်ငံတော်ပိုင်မြေဟာ ၁ဒဿမ၈၆ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်တန်ကြေးရှိပါတယ်။
အခု ရောင်းချတာကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၁၀ သန်းသာ တန်ဖိုးဖြတ်ပြီးအစုရှယ်ယာ တစ်သိန်းတိတိ ရောင်းချနေခြင်းဖြစ်ပါတယ်။