စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘလွေကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းက ဦးဇင်းနှစ်ပါးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားတဲ့အပြင် ကျောင်းပိုင်ငွေ သိန်း ၅၀ကျော်ကိုလည်း လုယက်သွားတယ်လို့ သိရပါတယ်။
ချောင်းဦးမြို့နယ်၊ ဘလွေကျေးရွာ ဘုန်းကြီးကျောင်းကမေလ ၄ ရက်နေ့ မနက် ၄ နာရီခွဲလောက်မှာ အကြမ်းဖက်စစ်တပ်က ကား (၂) စီးနဲ့ ဝင်ရောက်စီးနင်းခဲ့ပြီးဦးဇင်း ၂ ပါးအပြင် ဘုန်းကြီးကျောင်းသား တစ်ဦးနဲ့ ရွာသား လူငယ်တစ်ဦးတို့ကို PDF လို့ စွပ်စွဲဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ချောင်းဦးမြို့နယ် ပြည်သူ့သတင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။
‘သေချာတာကတော့ အဲဒီ ၄ ယောက်စလုံးက ဘာ PDF မှ မဟုတ်ဘူး၊ ကျောင်းက ငွေ သိန်း (၅၀) ကျော်လည်း ခိုးသွားကြတယ်’ လို့ ဒေသခံတစ်ဦးကပြောကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့သတင်းက ဆိုပါတယ်။
ဘလွေကျေးရွာမှာ PDF တွေ ခိုအောင်းနေတယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က မကြာခဏ ဝင်ရောက်မွှေနှောက်ကာ ရွာထဲက ပြည်သူတွေရဲ့ပစ္စည်းတွေကို လုယက်သွားကြကြောင်း အခုအကြိမ်လာရောက်မှုဟာ (၆) ကြိမ်မြောက်ဖြစ်ကြောင်း သိရပါတယ်။