NUG ၊ NUCC တို့ နဲ့ မလေးရှားအစိုးရ ထိတွေ့ဆက်ဆံသွားမယ်

မလေးရှား အစိုးရအနေဖြင့် မြန်မာ့နိုင်ငံရေး ပြဿနာဖြေရှင်းရေးအတွက် ဘက်ရွေးနေမှာမဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံသွားမယ်လို့သိရပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah က မနေ့က သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောဆိုလိုက်တာပါ။
သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာ မြန်မာ့အရေး အာဆီယံဘုံသဘော တူညီချက် ၅ ရပ်နဲ့အညီ ဆောင်ရွက်တာလို့လည်း သူက ဆိုပါတယ်။
“မလေးရှားအနေနဲ့ ဘက်ရွေးနေတာ မဟုတ်ဘူး။ ဟိုဘက်ဒီဘက်ရွေးနေလို့လည်း မလေးရှားအတွက် ဘာအကျိုးစီးပွားမှ ဖြစ်လာစရာ မရှိပါဘူး’ လို့ သူကပြောပါတယ်။
အာဆီယံအနေနဲ့ နေပြည်တော်နဲ့ မဆက်ဆံဖို့ ဟန့်တားနေတာ မဟုတ်သလို ညှိနှိုင်းဆွေးနွေးမှုဆိုတာ ပြဿနာ မဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။
မေ ၁၁ ရက်နေ့ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ NUG၊ NUCC တို့နဲ့ အလွတ်သဘော ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ဖို့ အာဆီယံကို မလေးရှားအစိုးရက အဆိုပြုသွားမယ်လို့လည်း ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့မှာ အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးကို မေလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ကျင်းပဖို့ရှိပြီး အဲဒီထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးကို ဆွေးနွေးဖွယ်ရှိပါတယ်။