NUG ကတိအတိုင်း လက်နက်အမြန်တပ်ဆင်ပေးဖို့ ဗိုလ်နဂါးတောင်းဆို

Phoyo-MRDA
အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်တိုက်ခိုက်နေတဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်ကို တပ်ရင်းတရင်းစာ အမြန်ဆုံး လက်နက်တပ်ဆင်ပေးဖို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဗိုလ်နဂါးက အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကို အိတ်ဖွင့်ပေးစာပေးပို့ကာ တောင်းဆိုလိုက်ပါတယ်။
စစ်အုပ်စုဟာ မြန်မာ့တော်ဝင်နဂါးတပ်တော် နယ်မြေစိုးမိုးထားတဲ့ နယ်မြေတွေကို ထိုးစစ်စတင်ဖို့ ပြင်ဆင်နေတာဖြစ်တာကြောင့် ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ MRDA တို့ မတ်လ ၁၃ ရက်နေ့က တွေ့ဆုံစဉ်မှာ ကတိပေးထားတဲ့အတိုင်း တစ်လအတွင်း တပ်ရင်းတရင်းစာ လက်နက်အမြန်ဆုံးတပ်ဆင်ပေးဖို့ ကတိစကားကို အမြန်ဆုံးအကောင်အထည်ဖို့ ဗိုလ်နဂါးက တောင်းဆိုလိုက်တာပါ။
မြန်မာ့တော်ဝင်နဂါးတပ်တော်ဟာ အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ်တိုက်ထုတ်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ မဖွဲ့စည်းမှီကပင် စတင်ဖွဲ့စည်းကာ ရရာလက်နက်ကိုင်စွဲပြီး တိုက်ခိုက်ခဲ့တဲ့ တပ်ဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိအချိန်မှာ ကာကွယ်ရေးဝန်ကြီးဌာန တပ်ရင်းတပ်ဖွဲ့တွေမှာလည်း စနစ်တကျ စာရင်းပေးသွင်းကာ အသိအမှတ်ပြု ပူးပေါင်းပါဝင်ထားခဲ့တဲ့ အဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။