မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘောဆွေးနွေးမယ်

photo- Google
မြန်မာ့အရေးနဲ့ပတ်သက်ပြီး မေလ၁၁ရက်နေ့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘောတွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုက မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက်၅ရပ်နဲ့ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်မှုမရှိတာကြောင့် အခုလို အလွတ်သဘော ဆွေးနွေးပွဲ ခေါ်ရတာဖြစ်ကြောင်းမလေးရှားနိုင်ငံ ခြားရေးဝန်ကြီးကပြောတယ်လို့ VOA ကဖော်ပြပါတယ်။
ရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက အာဆီယံအသင်းအနေနဲ့ အာဆီယံမူ၅ရပ်ကို စစ်အုပ်စုက ဘာ့ကြောင့်မလိုက်နာသလဲဆိုတာကို ရဲရဲတင်းတင်းအဖြေရှာဖို့လိုနေပြီလို့ဆိုပါတယ်။
‘အားလုံးလည်းပြောနေကြတာပဲ။မူ၅ရပ်မှာ အချိန်ကာလသတ်မှတ်ချက်မပါတာ၊မလိုက်နာရင် ဘယ်လိုအရေး ယူမယ်ဆိုတာ မပါတာ။အခုကမ္ဘောဒီးယားအလှည့်ကျဥက္ကဌဖြစ်တဲ့အချိန်မှာ စစ်အုပ်စုတစ်ဖက်တည်းနဲ့သာ ဆက်ဆံရေးထူထောင်နေတာ။အားလုံးကပြောနေတာကို အာဆီယံအနေနဲ့ မကြားချင်ယောင်မဆောင်ဘဲ အ ဖြစ်မှန်အတိုင်းရင်ဆိုင်အဖြေရှာဖို့လိုပြီ’လို့ သူကပြောပါတယ်။
၂၀၂၁ဒီဇင်ဘာက ခန့်အပ်ထားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး အထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်းဟေဇာ ကို စစ်အုပ်စုဘက်က အခုအချိန်ထိ အသိအမှတ် မပြုသေးဘူးလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
အာဆီယံအနေနဲ့ NUG အစိုးရနဲ့ အလွတ်သဘော ဆက်ဆံရေး ကိုမလေးရှား နိုင်ငံခြားရေးဝန်ကြီးက အဆိုပြုမယ်လို့ ပြောကြားထားပြီး အဲဒီအပေါ်စစ်အုပ်စု နိုင်ငံခြားရေး ဝန်ကြီးဌာနက ကန့်ကွက်ထားပါတယ်။