ဒေါ်လာ ၁၀ သန်းကျော် တန်ဖိုးရှိ Rolex နာရီအတုတွေကို အမေရိကန် အကောက်ခွန်က သိမ်းဆည်းရမိ

Photo – CNN

သင့်ဇိမ်ခံနာရီအသစ်ရဲ့စစ်မှန်မှုကို စစ်ဆေးဖို့ အချိန်တန်ပြီဖြစ်ပါတယ်။

Indianapolis မြို့ ရှိ  အမေရိကန် အကောက်ခွန်နဲ့ နယ်ခြားကာကွယ်ရေး (CBP) အရာရှိတွေဟာ ဧပြီလ ၂၇ ရက်နဲ့ ၂၉ ရက်တို့မှာ Rolex နာရီအတုတွေပို့ဆောင်မှုကို နှစ်ကြိမ်တိုင်တိုင် သိမ်းဆည်းရမိခဲ့ပါတယ်။ 

ဇိမ်ခံနာရီအတုတွေဟာ အစစ်အမှန်ဖြစ်မယ်ဆိုရင် စုစုပေါင်းတန်ဖိုး ဒေါ်လာ ၁၀ ဒဿမ ၁ သန်းရှိတယ်လို့ CBP က ထုတ်ပြန်တဲ့သတင်းတစ်ရပ်အရ သိရပါတယ်။

Rolex နာရီအတုတွေပို့ဆောင်မှုနှစ်ကြိမ်လုံးဟာ ဟောင်ကောင်ကနေ စတင်ခဲ့ပြီး နယူးယောက်၊ ဘရွတ်ကလင်းသို့ ဦးတည်သွားခဲ့တယ်လို့ CBP က ပြောကြားခဲ့ပါတယ်။

ရောင်းချသူတဦးဆီကနေ နာရီလိမ်လည်တင်ပို့ခဲ့တဲ့ မှတ်တမ်းနဲ့ စုံစမ်းစစ်ဆေးရေးအချက်အလက်တွေအရ ဧပြီလထဲမှာပဲ အဲဒီရောင်းချသူကိုခြေရာခံပြီး  နောက်ထပ်လိမ်လည်တင်ပို့မှု လမ်းကြောင်းနှစ်ခုကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ 

ဧပြီလ ၂၇ ရက်နေ့ တင်ပို့မှုမှာ Rolex နာရီ အတု အလုံး ၃၀၀ ပါ၀င်ပြီး ဧပြီလ ၂၉ ရက်နေ့တင်ပို့မှုမှာ အလုံး၁၆၀ ရှိတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

“စားသုံးသူတွေဟာ အွန်လိုင်း ဒါမှမဟုတ် တဆင့်ခံရောင်းချသူများတွေဆီက ပိုမိုဝယ်ယူလာတာကြောင့် ကျနော်တို့အရာရှိတွေဟာ ကုန်ပစ္စည်းအတုတွေကိုရောင်းချပြီး ငွေရှာဖို့မျှော်လင့်နေတဲ့ လူလိမ်တွေရန်က ကာကွယ်ဖို့ ရှေ့တန်းမှာ ရှိနေပါတယ်” ”လို့ CBP ရဲ့ Chicago Field Operations Director, LaFonda Sutton-Burke က သတင်းထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။