စစ်ဘေးရှောင်တွေဆီ နိုင်ငံတကာအကူအညီ အမှန်တကယ်ရောက်ရေး ကုလနဲ့ NUG ဆွေးနွေ

မြန်မာစစ်ဘေးရှောင်တွေထံ လူသားချင်းစာနာမှုအကူအညီအမှန်တကယ်ရောက်ရှိရေးအတွက် လက်တွေ့ ဖော်ဆောင်နိုင်မယ့် နည်းလမ်းမျိုးစုံကို ကုလသမဂ္ဂတာဝန်ရှိသူနဲ့ ဆွေးနွေးခဲ့တယ်လို့ NUGအစိုးရကထုတ်ပြန်ပါတယ်။
မေလ၆ရက်နေ့က ကျင်းပတဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးရေး အာဆီယံအစည်းအဝေး မှာဆွေးနွေးခဲ့တာတွေကို ကုလသမဂ္ဂ Assistant Secretary-General for Humanitarian Affairs and Deputy Emergency Relief Coordinator (OCHA) ဖြစ်သူ Ms. Joyce Msuya နဲ့အဖွဲ့ဟာ NUG အစိုးရရဲ့ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့အဖွဲ့နဲ့ တွေ့ဆုံပြီး ပြန်လည်ရှင်းပြစဉ် အဲဒီလိုထည့်သွင်း ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။
နိုင်ငံတကာရဲ့ အကူအညီပေးအပ်မှုဟာ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့ ကျင့်ဝတ်တွေကို လိုက်နာကာ စစ်ဘေးရှောင် ပြည်သူတွေ လက်ဝယ် အမှန်တကယ်ရောက်ရှိနိုင်ရေးဟာ အရေးကြီးကြောင်း ဆွေးနွေးခဲ့တယ်လို့ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်စွာ ဖိနှိပ်မှုကြောင့် ပေါ်ပေါက်လာရတဲ့လူသားချင်းစာနာ မှုဆိုင်ရာ အရေးပေါ် အခြေအနေအတွက် အကူအညီများစွာ လိုအပ်နေကြောင်း၊ NUG အစိုးရ အနေနဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေထံအရောက် နည်းလမ်းပေါင်းစုံနဲ့ အတတ်နိုင်ဆုံး ထောက်ပံ့ ကူညီပေးနေပေမဲ့ ကုလသမဂ္ဂ အပါအဝင် အာဆီယံနဲ့ နိုင်ငံတကာရဲ့ အကူအညီများ များစွာ လိုအပ်နေသေးကြောင်းနဲ့ လက်ရှိအခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်းထုတ်ပြန်ထားပါတယ်။
UNOCHA ရဲ့မနေ့ကထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံအတွင်းပဋိပက္ခ ဒဏ်သင့်ရာဒေသတွေနဲ့ နေရပ်စွန့်ထွက်ပြေးရသူတွေရှိရာနေရာတွေကို လူသားချင်းစာနာမှုအကူအညီတွေ သွားရောက်ပေးနိုင်ခွင့်ကိုတင်းကျပ်စွာတားမြစ်ခံထားရတယ်လို့ ဆိုထားပါတယ်။
ပုလဲအခြေစိုက် ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ရဲဘော်ပေက အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရှောင်ကြရတဲ့ပြည်သူတွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်နဲ့ ရွာတွေထဲမီးရှို့ဖျက်ဆီးမှုကြောင့် တိမ်း ရှောင်နေရသူတွေဖြစ်ကြောင်းဆိုပါတယ်။
‘စစ်ခွေးတွေ ဒုက္ခပေးလို့ ထွက်ပြေးနေရတဲ့ပြည်သူတွေကို စစ်ခွေးလမ်းကြောင်းကနေတစ်ဆင့် အကူအညီ ရောက်ဖို့ ဆိုတာ အင်မတန်စိတ်ကူးယဉ်လွန်းရာရောက်တယ်’လို့ သူကပြောပါတယ်။
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၅ ရက်နေ့အထိ အတည်ပြုထားတဲ့ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာရသူ ဦးရေဟာ စုစုပေါင်း ၉၂၄,၈၀၀ ရှိပြီး၊ အဲဒီအထဲကမှ လူဦးရေ ၅၇၈,၂၀၀ ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းဖြစ်ပွားတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ လုံခြုံရေးအန္တရာယ်ကြောင့် နေရပ်စွန့်ခွာရသူတွေဖြစ်တယ်လို့ UNOCHA ကထုတ်ပြန်ထားပါတယ်။
ပုံစာ – မေ ၁ ရက်နေ့က စစ်ကြောင်းထိုးဝင်လာတဲ့အကြမ်းဖက်စစ်တပ်ကြောင့် ပုလောမြို့နယ်၊ကျောင်းနိမ့်ရွာသားတွေ ထွက်ပြေးခဲ့ရပုံ