မင်းအောင်လှိုင် ငြိမ်းချမ်းရေးကို ပယ်ချခဲ့တဲ့ တိုင်းရင်းသားအဖွဲ့တွေအပေါ် အသိအမှတ်ပြုကြောင်း NUCC ထုတ်ပြန်

မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့တဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က လေးစားအသိအမှတ်ပြုကြောင်း ထုတ်ပြန်လိုက်ပါတယ်။
NUCC က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ‘အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအပေါ် သဘောထားထုတ်ပြန်ချက်’ မှာ အဲဒီလိုဖော်ပြထားပါတယ်။
နိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ပြည်သူ့ခုခံတော်လှန်ရေး အင်အားစုအားလုံး ပြည်သူနဲ့ တစ်သားတည်း ဆက်လက်ရပ်တည်ကြဖို့ လည်း NUCC က တိုက်တွန်းပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်အသက်သွင်းမယ့် စစ်အုပ်စုရဲ့ အတုအယာင် ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်ဟာ တရားဝင်မှုမရှိသလို NUCC အနေနဲ့ ရှုတ်ချကြောင်းလည်း ဆိုပါတယ်။
စစ်အုပ်စု အာဏာသိမ်းယူမှုကြောင့် ပျက်စီးသွားပြီဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကို တရားဝင်မှုရှိသယောင် ပြန်လည်အသက်သွင်းတဲ့ ဘယ်လိုလှုပ်ရှားမှုကိုမဆို ဆန့်ကျင်ကြောင်းလည်း ထုတ်ပြန်ပါတယ်။
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ခေါင်းဆောင်တွေနဲ့ မင်းအောင်လှိုင်ကိုယ်တိုင် တွေ့ဆုံဆွေးနွေးလိုကြောင်း ဧပြီ ၂၂ ရက်နေ့၊ ဖိတ်ခေါ်မှုဟာ နိုင်ငံရေး၊ စစ်ရေး အကြပ်အတည်းဆိုက်ပြီး ဆက်လက်ရပ်တည်ဖို့ခက်ခဲနေတဲ့ စစ်အုပ်စုက အတုအယောင် ဆွေးနွေးမှုနဲ့ ယာယီဖြေရှင်းဖို့ ကြိုးစားခြင်းသာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြည်သူတွေကို ခေတ်အဆက်ဆက် ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်အုပ်စုဟာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ တရားဝင်မှုမရှိကြောင်း ၂၀၁၀ ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မအောင်မြင်စေဖို့နဲ့ ၂၀၀၈ အခြေခံဥပဒေဘောင် မကျော်စေဖို့ စစ်အုပ်စုဟာ နည်းမျိုးစုံနဲ့ ဟန့်တားပိတ်ဆို့ခဲ့ကြောင်း ဒါ့အပြင် စစ်အုပ်စုစိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေအောက်ကနေ ဖြစ်ပေါ်လာတဲ့ အစိုးရထံက အာဏာသိမ်းယူခြင်းနဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးကို မလိုလားကြောင်း ပြသခဲ့ပြီးဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။