အကြမ်းဖက်စစ်အုပ်စုရဲ့ တွေ့ဆုံဆွေးနွေးပွဲ KIO တက်ရောက်မှာ မဟုတ်

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်ချက်ကို Kachin Independence Organization (KIO) က ပယ်ချခဲ့ပြီး ဆွေးနွေးပွဲကို တက်ရောက်မှာမဟုတ်ဘူးလို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဧပြီလ ၂၂ရက်နေ့မှာ စစ်အုပ်စုရဲ့ ဝါဒဖြန့် ရုပ်မြင်သံကြားကနေတဆင့် တိုင်းရင်းသား လက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံလိုကြောင်း ဖိတ်ခေါ်ခဲ့ပြီး မေလ ၂ရက်နေ့မှာလည်း KIO ကို တွေ့ဆုံဆွေးနွေးလိုကြောင်း ထပ်မံအကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုရဲ့ ဆွေးနွေးပွဲဟာ ပါဝင်သင့်သူတွေအားလုံးကို ဖိတ်ခေါ်ထားတာ မတွေ့ရှိရကြောင်းနဲ့ နိုင်ငံရဲ့ အရေးအရာတွေကို ဆွေးနွေးအဖြေရှာမယ်ဆိုတဲ့ သဘောထားမပါရှိတာကြောင့် တန်းတူဆွေးနွေးနိုင်မယ့် အချိန်အခါ အခင်းအကျင်းရောက်ရှိမှသာ ပါဝင်ဆွေးနွေးမယ်လို့ KIO က ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံရေးနဲ့ စစ်ရေးမှာ အားလျော့လာခဲ့ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေနဲ့ စုစည်းထားတဲ့ CRPH၊ NUG၊ PDF တို့ကို ထည့်သွင်းဖိတ်ခေါ်တာ မရှိခဲ့ပါဘူး။