ရန်သူကို အနားမပေးဘဲ ပြည်သူ့ရှေ့မှောက် စစ်အာဏာရှင်တွေ ဒူးထောက်အညံ့ခံတဲ့အထိ အဆက်မပြတ် အရှိန်မြှင့် တိုက်ခိုက်ကြဖို့ အချိန်ရောက်ရှိလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ကြောင်း ကြေညာခြင်း တစ်နှစ်ပြည့်အမှာစကားမှာ ကာကွယ်ရေးဝန်ကြီးက အဲဒီလို ထည့်သွင်းပြောခဲ့တာပါ။
ပြည်သူက တာဝန်ကျေချိန်မှာ တော်လှန်ရေးအောင်ပွဲခံတဲ့အထိ တိုက်ပွဲဝင်ကြဖို့ဆိုတာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တာဝန်ဖြစ်လာတယ်လို့ ကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့သလို ပြည်သူ့ခုခံတွန်းလှန်စစ်ကို ရွပ်ရွပ်ချွံချွံ ဆင်နွှဲနေကြတဲ့ ရဲဘော်တစ်ဦးချင်းစီတိုင်းကို ဦးညွှတ်အလေးပြုလိုက်ကြောင်းနဲ့ ဒီနေ့၊ ဒီရက်မှာ အထူးသတိရနေမိတာက တော်လှန်ရေးအတွင်း ကျဆုံးခဲ့တဲ့ရဲဘော်တွေ၊ ခြေလက် အင်္ဂါစွန့်လှူခဲ့ရတဲ့ရဲဘော်တွေကိုဖြစ်ကြောင်း သူကပြောပါတယ်။
ဒီလို တော်လှန်စစ်ကို ထိထိရောက်ရောက် ဆင်နွှဲနိုင်ဖို့ဆိုတာ ပြည်သူတွေရဲ့ အားပေးထောက်ခံမှု၊ ပြည်သူတွေရဲ့စွန့်လွှတ်အနစ်အနာခံမှုဟာ အဓိကကျတယ်ဆိုတာကို မမေ့မလျော့ရှိရမယ်လို့လည်း ဆိုပါတယ်။
‘ပြည်သူက တာဝန်ကျေတယ်။ ပြည်သူဆိုတဲ့အထဲမှာ စစ်အာဏာရှင်အုပ်စိုးမှုကို လုံးဝလက်မခံကြောင်း ကိုယ်ရဲ့အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ကို စွန့်လွှတ်ပြီး အာဏာဖီဆန်ခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေပါတယ်။
အာဏာသိမ်းတာ တစ်နှစ်ကျော်ကြာပေမယ့် ဇွဲနဘဲမလျှော့ဘဲ လမ်းမပေါ်ထွက်ပြီး အသက်စွန့် ဆန္ဒပြနေတဲ့လူငယ်တွေ၊ အမျိုးသမီးတွေပါတယ်။ စစ်ကောင်စီရဲ့အကျဉ်းစခန်းတွေထဲမှာ အချုပ်အနှောင်ခံရ၊ ညှင်းပန်းနှိပ်စက်ခံနေရတဲ့ ရဲဘော်တွေပါတယ်။ စစ်ကောင်စီတပ်ရဲ့ လူသတ်၊ မီးရှို့၊ အကြမ်းဖက်မှုကို နေ့စဉ်ရက်ဆက်ခံနေရပေမယ့် PDF နဲ့တော်လှန်ရေးအပေါ် အားပေးထောက်ခံမှု မပျက်တဲ့ ကျေးလက်နေ တိုင်းရင်းသားပြည်သူတွေ ပါတယ်။ တစ်ချိန်က စစ်ကောင်စီလက်အောက်ခံ ဖြစ်ခဲ့ပေမယ့် အကြမ်းဖက်မှု တွေကို မသတီလို့ စစ်ကောင်စီကိုစွန့်ခွာပြီး ပြည်သူနဲ့ပူးပေါင်းလာတဲ့ တပ်မတော်သားတွေ၊ ပြည်သူ့ရဲ တပ်ဖွဲ့ဝင်တွေ ပါတယ်။ သူတို့အားလုံးဟာ ငါတို့ အလေးအမြတ်ပြုရမယ့် ပြည်သူတွေပဲ ဖြစ်တယ်’ လို့ သူကဆက်ပြောပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ထူထောင်ရာမှာ ကူညီစောင့်ရှောက် ထောက်ပံ့မှု ပေးခဲ့ကြတဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ ကျေးဇူးကိုလည်း အလေးအနက်ထားရမှာဖြစ်သလို တော်လှန်ရေးဆင်နွှဲရာမှာ PDF ရဲဘော်တွေနဲ့ လက်တွဲရှေ့ဆောင်တိုက်ပွဲဝင်နေတဲ့ မဟာမိတ်ရဲဘော်တွေအပေါ် ညီရင်းအစ်ကိုစိတ်ဓာတ်မွေးမြူပြီး တစ်သွေးတစ်သားတည်းရှိကြောင်း ဖော်ပြကြရမှာဖြစ်ကြောင်း ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ဒေသအလိုက် တော်လှန်ရေးအစုအဖွဲ့တွေ ဖွဲ့စည်းလှုပ်ရှားနေတဲ့ ပြောက်ကျားရဲဘော်တွေနဲ့လည်း နားလည်မှုရှိရှိ၊ ဟန်ချက်ညီညီ လက်တွဲ အလုပ်လုပ်ကြဖို့ လိုကြောင်းလည်း ဆိုပါတယ်။
PDF ရဲဘော်တွေဟာ တစ်နှစ်တာ အတွေ့အကြုံအရ ပြောက်ကျားစစ်၊ လှုပ်ရှားစစ်အရာမှာ ပိုမိုကျွမ်းကျင်ပိုင်နိုင်ပြီး ရန်သူကို အထိနာအောင် တိုက်ခိုက်နိုင်တဲ့ ရဲဘော်တွေဖြစ်လာပြီး PDF ရဲဘော်တို့ရဲ့ စွမ်းဆောင်မှုကြောင့် တစ်နေ့တခြားအင်အားပြုန်းတီးနေတဲ့ စစ်ကောင်စီ တပ်ဟာ စိတ်ဓာတ်အရလည်း ဖရိုဖရဲပြိုကွဲနေပြီဆိုတာ သိသာတယ်လို့လည်း ဆိုပါတယ်။