စစ်သား၂ ဦး သေနတ် ၃ လက်နဲ့အတူ အလင်းဝင်၊ လက်နက်ပြန်ရရေး ပြည်သူကို ဖမ်းဆီးနှိပ်စက် ဓားစာခံလုပ်

စစ်သား၂ ဦး သေနတ် ၃ လက်နဲ့အတူ CDF-Matupi ထံ အလင်းဝင်လာပြီးနောက် အကြမ်းဖက်စစ်တပ်ဟာ လက်နက်ပြန်လည်ရရှိရေးအတွက် ပြည်သူတွေကို ဓားစားခံလုပ် ဖမ်းဆီးနှိပ်စက်နေကြောင်း သိရပါတယ်။
ဧပြီ ၂၁ ရက်နေ့က မတူပီမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်ဗျူဟာစခန်းက တပ်သားချစ်ကိုကိုနဲ့ မုံရွာအခြေစိုက် ထပရ ၉၂၉ က တပ်သားဖြိုးမင်းတို့ဟာ သေနတ် ၃ လက်နဲ့အတူ CDF-Matupi ထံ CDM ပြုလုပ်အလင်းဝင်လာခဲ့ကြောင်း CDF-Matupi က မနေ့ညက ထုတ်ပြန်ခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ လက်နက် ၃ လက် ပြန်ရရေးအတွက် မတူပီမြို့ပေါ်နေ အမျိုးသမီး ၆ ဦးအပါအဝင် စုစု ပေါင်းပြည်သူ ၇ ဦးကို ဖမ်းဆီးပြီး စစ်ဗျူဟာစခန်းကိုခေါ်ဆောင်ကာ ဖမ်းဆီးနှိပ်စက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီလို ပြည်သူကို ဓားစားခံပြုလုပ် ဖမ်းဆီးနှိပ်စက်ခြိမ်းခြောက်နေခြင်းကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ CDF-Matupi အနေနဲ့ စစ်အုပ်အစုအပါအဝင် ဘယ်အကြမ်းဖက်အဖွဲ့နဲ့မဆို အပေးအယူလုံးဝပြုလုပ်မှာ မဟုတ်ကြောင်းထုတ်ပြန်ပါတယ်။