အာဖဂန်နစ္စတန်နိုင်ငံမှာ မိုးကြီးပြီး ရေကြီးရေလျှံမှုကြောင့် လူ ၂၂ဦးသေဆုံးခဲ့ပြီး အိမ်ရာချီ ပျက်စီးခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနတာဝန်ရှိသူတဦးက ဒီကနေ့ မေလ ၅ရက်နေ့က ပြောပါတယ်.
အာဖဂန်ပြည်နယ်တွေရဲ့ သုံးပုံတပုံကျော်မှာ ရေဘေးပြဿနာရဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ကောက်ပဲသီးနှံတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ပြည်နယ် ၁၂ခုမှာ ရေကြီးပြီး မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၂၂ယောက်သေဆုံး ၊ ၄၀လောက် ဒဏ်ရာရခဲ့ပြီး နိုင်ငံအနောက်ပိုင်းနဲ့ မြောက်ပိုင်းက ပြည်နယ်တွေမှာ ရေကြီးမှုုဒဏ် ပိုခံစားခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါ့အပြင် အိမ်အလုံး ၅၀၀ကျော်ပျက်စီးခဲ့ပြီး ကျွဲနွားတိရစ္ဆာန်တွေအပြင် ကောက်ပဲသီးနှံ ဧက ၃၀၀ကျော်လည်း ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အာဖဂန်နစ္စတန်ဟာ မကြာသေးမီနှစ်တွေအတွင်းမှာ မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားခဲ့ရပြီး ရာသီဥတုဖောက်ပြန်မှုကြောင့် ပိုမိုဆိုးရွားလာကာ ကောက်ပဲသီးနှံအထွက်နှုန်းနည်းပါးလာတဲ့အပြင် အစာရေစာပြတ်လပ်မှု ပြဿနာတွေက စိုးရိမ်စရာဖြစ်လာစေပါတယ်။
လက်ရှိမှာ နိုင်ငံတကာကြက်ခြေနီကော်မတီက ကူညီနေပြီး တာဝန်ရှိသူတွေက အခြားနိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း အကူအညီတောင်းသွားမယ်လို့ သိရပါတယ်။