ဆိပ်ခွန် ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ရှောင်တွေကို လူသားတံတိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ရှောင်အမျိုးသားတွေကို အကြမ်းဖက်စစ်တပ်က လူသားတံတိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်နေတယ်လို့ သိရပါတယ်။
ဖေဖေါ်ဝါရီ ၈ ရက်နေ့ကစပြီး အကြမ်းဖက်စစ်တပ်က ဆိပ်ခွန်ရွာထဲကို ဝင်ရောက်စီးနင်းပြီးနောက် တစ်ရွာလုံး အိုးအိမ်စွန့်ထွက်ပြေးခဲ့ကြကာ တချို့မှာ ဆိပ်ခွန်ရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြရပါတယ်။
‘အခု ဘုန်းကြီးကျောင်းမှာရှိတဲ့ ယောကျာ်းလေးတွေကို ဖမ်းပြီး သူတို့ပစ္စည်းတွေသယ်ခိုင်းတယ်။ ပေါ်တာပေါ့။ ပြီးတော့ သူတို့စစ်ကြောင်းထွက်ရင် PDF ကိုကြောက်တော့ လူသားတံတိုင်းအနေနဲ့ ဖမ်းခေါ်သွားတယ်။ အဲဒါကြောင့် အခုဘုန်းကြီးကျောင်းမှာ နေနေတဲ့သူတွေလည်း မနေရဲတော့လို့ ပြေးကြရပြန်ပြီ’ လို့ ဆိပ်ခွန်ရွာခံတစ်ဦးက ပြောပါတယ်။
မေလ ၂ ရက်နေ့ကလည်း ဆိပ်ခွန်ရွာသား စစ်ရှောင်လူငယ်တစ်ဦး ဆိပ်ခွန်ရွာထဲ ခေတ္တပြန်လာစဉ် အကြမ်းဖက် စစ်တပ်နဲ့တွေ့ပြီး အပစ်ခံရလို့ သေဆုံးခဲ့ပါတယ်။
‘ဆိပ်ခွန်ရွာအပြင်မှာ စစ်တပ်နဲ့တိုးလို့ ဒီလူငယ်က ဆိုင်ကယ်ပြန်ကွေ့ပြီးပြေးတာကို စစ်သား ၄-၅ ယောက်လောက်က သေနတ်နဲ့ဝိုင်းပစ်လို့ ကျဆုံးသွားတယ်’ လို့ သူကပြောပါတယ်။
ကျဆုံးလူငယ်နဲ့ သူစီးလာတဲ့ ဆိုင်ကယ်ကို အကြမ်းဖက်စစ်တပ်က မီးပုံရှို့ခဲ့တယ်လို့လည်း သူကဆက်ပြောပါတယ်။
ဆိပ်ခွန်ရွာဟာ စီးပွားရေးဖွံ့ဖြိုးတဲ့ အိမ်ခြေ ၆၀၀၀ ကျော်ရှိ ရွာကြီးတစ်ရွာဖြစ်ပြီး ဆိပ်ခွန်ရွာထဲက အိမ်တွေဆိုင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ဖောက်ထွင်းလုယက်ခဲ့ကာ သူတို့မလိုတာတွေကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။