စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ညောင်ပင်သာကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ ၅ ဦးကို သတ်ဖြတ်ပြီး လမ်းမပေါ်မှာ အလောင်းတွေကို စွန့်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၃ ရက်နေ့ မနက်ပိုင်း ညောင်ပင်သာကျေးရွာကနေ အကြမ်းဖက်စစ်အုပ်စုက ထွက်ခွာသွားပြီးနောက် ဒေသခံပြည်သူတွေ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်လာချိန်မှာ သတ်ခံထားရတဲ့ လူ ၅ ဦးအလောင်းတွေကို လမ်းမပေါ်မှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒေသခံတစ်ဦးဖြစ်သူ ကိုပြည့်ဖြိုးအောင်ကိုလည်း သူရဲ့နေအိမ်အတွင်းမှာ စစ်အုပ်စုက သတ်ဖြတ်ထားခဲ့တာကို တွေ့ရှိရတယ်လို့ Shwebo Daily News က ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ပျူစောထီးခေါင်းဆောင် ဌေးအောင်အဖွဲ့နဲ့ ပန်းရံကျေးရွာက ပျူစောထီးတွေ ပူးပေါင်းပြီး အင်အား ၈၀လောက်နဲ့ ညောင်ပင်သာကျေးရွာအတွင်းမှာရှိတဲ့ ရွှေသိမ်တော် ဘုန်းကြီးကျောင်းဝင်းအတွင်း စခန်းချပြီး အခုလို ဒေသခံတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးပြီး သတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။