စစ်ကိုင်းတိုင်း၊ကလေးနယ်တောင်ပိုင်းမှာ ၂ရက်ဆက် တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား၁၀ဦးထက်မ နည်းသေဆုံးနိုင်ကာ လက်နက်၄လက်သိမ်းဆည်းရမိခဲ့ကြောင်း CDF- KKG ကသတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မေ၂ ရက်နေ့ မနက်ပိုင်းမှာ အောင်မင်္ဂလာရွာဘက်ကနေ အင်အားရာဂဏန်းနဲ့ ရှားဖိုရွာဘက်စစ်ကြောင်းထိုးလာရာ ဒေသခံပူးပေါင်းတပ်ဖွဲ့နဲ့ တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ ပြီးအကြမ်းဖက်စစ်သား ၅ဦးထက်မနည်းသေဆုံးနိုင်ကာ CDF-KKG တပ်ဖွဲ့ဝင် ၂ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ ပူးပေါင်းတပ်ဖွဲ့က လက်နက်၄လက်သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း ရန်သူ့လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်တွေနဲ့ အရပ်သားပြည်သူထိခိုက်သေဆုံးမှုရှိကြောင်း၊ စစ်တပ်ဟာ အရှေ့စည်းရွာအတွင်းဝင်ရောက်ကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရှေ့စည်းရွာနဲ့ အောင်မင်္ဂလာရွာတို့ကနေ ပြန်လည်ဆုတ်ခွာခြင်းမရှိသေးတာကြောင့် တိုက်ပွဲအချိန်မရွေးပြန်လည်ဖြစ်ပွားနိုင်တာကြောင့် ဒေသခံပြည်သူ ထောင်နဲ့ ချီ တိုက်ပွဲရှောင်နေကြရကြောင်း CDF- KKG ကဆိုပါတယ်။
ကလေးနယ်တောင်ပိုင်း၊ အရှေ့စည်းရွာကို စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေဟာ မေလ (၁) ရက်နေ့၊ မနက် ၆ နာရီလောက်ကစပြီး ခြေလျင် စစ်ကြောင်းထိုးလာရာ CDF-KKG၊ PDF-Kalay၊ CNDF၊ RKDF နဲ့ ပကဖအဖွဲ့တို့နဲ့စုစည်းထားတဲ့ ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
စစ်တပ်ဟာ အရှေ့စည်းရွာမြောက်ဘက်မှ လက်နက်ကြီး (၁၅)ချက်လောက်ဦးစွာပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ တရစပ်ပစ်ခတ်ကာ စစ်ကြောင်းထိုးလာတာကြောင့်ပူးပေါင်းတပ်ဖွဲ့နဲ့ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သား ၅ဦးထက်မနည်းသေဆုံးနိုင်ပြီး ပူးပေါင်းတပ်ဖွဲ့ဝင် CDF-KKG တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးကာ PDF-Kalay တပ်ဖွဲ့ဝင် (၃)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။