ဟင်္သာတ သွေးသောက်အဖွဲ့က မြို့လူထုကို ခြိမ်းခြောက်စာ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီးရဲ့ ခရိုင်မြို့တခုဖြစ်တဲ့ ဟင်္သာတမြို့မှာ ဒီရက်ပိုင်းအတွင်း သွေးသောက်ဆိုတဲ့ အဖွဲ့က လူထုကို ခြိမ်းခြောက်တဲ့ စာရွက်တွေကို မြို့ပြင်လမ်းပေါ်မှာ ဖြန်ကြဲခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“မနေ့က လိပ်ချောင်းက ဈေးလာဝယ်တဲ့သူက မြို့အဝင်လမ်းပေါ်မှာတွေ့လို့ ကောက်လာတာဆိုပြီး အဲဒီစာရွက်ကိုတွေ့ရတာပဲ။ မြို့ပေါ်ရပ်ကွက်တွေမှာတော့ အဲလိုစာရွက်တွေ ဖြန့်တာ မတွေ့ရဘူး၊ မြို့ပြင်တွေမှာပဲ ဒီတိုင်းကျဲထားခဲ့တာမျိုးပဲ လုပ်ရဲတာ” လို့ DNA ကို ပြောပါတယ်။
ဒီနေ့မှာပဲ အဲဒီလို မြို့ပြင်လမ်းပေါ်မှာ ကျဲထားတဲ့ စာရွက်တရွက်ကို ဟင်္သာတမြို့နဲ့ သက်ဆိုင်တဲ့ လူမှုကွန်ရက်စာမျက်နှာ group ဖြန့်ဝေထားတာ တွေ့ရပါတယ်။ အဲဒီစာရွက်မှာ နိုင်ငံတော်တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းလုံခြုံရေးတပ်ဖွဲ့ တပ်မတော်သားတွေ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ၊ စစ်မှုထမ်းဟောင်းတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို တရားမဲ့ သုတ်သင်ရှင်းလင်း သတ်ဖြတ်လာတာတွေ လုပ်လာရင် ဟင်္သာတမြို့ သွေးသောက်အဖွဲ့က NLD ပါတီဝင်တွေနဲ့ ထောက်ခံဝန်းရံသူတွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ NUG ၊ CRPH ၊ PDF အဖွဲ့ဝင်တွေနဲ့ ဆက်နွယ်တဲ့ မိသားစုဝင်တွေကို တန်ပြန်တိုက်ခိုက် ခြေမှုန်းမယ့် အနီရောင်စစ်ဆင်ရေးအဖြစ် ကြေညာတယ်ဆိုပြီး ရေးသားထားပါတယ်။
“တကယ်က စစ်သားမိသားစုတွေ၊ ရဲမိသားစုတွေ၊ ထွေအုပ်မိသားစုတွေ ကြောက်နေကြပြီ၊ လူထုတော်လှန်ရေး အင်အားစုတွေ အားကောင်းလာပြီး တဖက်မှာ သူတို့အဘက သူတို့ကို ဘာအကာအကွယ်မှ မလုပ်ပေး တာဝန်ယူမပေးတော့ ဒီရက်ထဲ နေပြည်တော်ကို အစုလိုက် အပြုံလိုက်ထွက်ပြေးနေကြရတာ သတင်းတွေမှာ ဖတ်နေရတာပဲ၊ အခု သူ့လူတွေကြောက်နေလို့ မကြောက်အောင် အခုလို သွေးသောက်ဘာညာ ၊ ငါတို့ ရှိတယ်ဆိုတာ သူလူတွေကို စိတ်အင်အားပေးတဲ့ ပုံစံမျိုးလို့ မြင်တယ်” လို့ ဟင်္သာတသားတဦးက သူ့အမြင်ကို ပြောပါတယ်။
အာဏာသိမ်းပြီး နောက်ပိုင်း ဟင်္သာတခရိုင်အတွင်းမှာ အကြမ်းဖက်စစ်တပ်က ကွင်းကောက်မြို့၊ တန်းမြှင့်လေ့ကျင့်ရေးကျောင်း အရင် လေ့ကျင့်ရေး ၆ မှာ ပျုစောထီးတွေ၊ အခု သွေးသောက်အဖွဲ့ဝင်တွေကို စစ်သင်တန်းတွေ ရက်တိုပေးနေတယ်လို့ သိရပါတယ်။
ဖေဖေါ်ဝါရီ လကုန်ပိုင်းကနေ မတ်လ ၂ ရက်နေ့မှာ ဆင်းလာတဲ့ အဲဒီသင်တန်းမှာ ရှားခဲမြို့နယ်ဘက်က လူ ၃၀ နဲ့ မြို့ပေါ်က အလုပ်လက်မဲ့ ၁၀ ယောက် သင်တန်းတက်ခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းက ဟင်္သာတမြို့ ဟာ NLD ပါတီကို ထောက်ခံမှုအားကောင်းတဲ့ မြို့တမြို့ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ မဲဆန္ဒနယ် ၄ နေရာစလုံးမှာ NLD ပါတီက အနိုင်ရခဲ့တာ ဖြစ်ပါတယ်။