စစ်ကိုင်းတိုင်း အရာတော်မြို့နယ်နဲ့ မြင်းမူမြို့နယ် နယ်စပ်မှာရှိတဲ့ ကန်ရင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက အင်အား ၂၀၀ ကျော်နဲ့ လက်နက်ကြီးတွေပစ်ကူကာ စစ်ကြောင်းထိုးဝင်ရောက်တိုက်ခိုက်နေပြီး ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြလာပါတယ်။
ဒီကနေ့ မေလ ၂ ရက်နေ့ မနက် ၆ နာရီခန့်မှာ အကြမ်းဖက်စစ်အုပ်စုဟာ ကန်ရင်းကျေးရွာကို ဒရုန်းနဲ့ ထောက်လှမ်းအပြီးမှာ ပြည်သူတွေ စုစည်းနေတဲ့ နေရာကို လက်နက်ကြီးတွေနဲ့ ပစ်ပြီး ဝင်ရောက်စီးနင်းနေတာပါ။
“ဒရုန်းနဲ့ကြိုကင်းထောက်ပြီး လူစုစုရှိတဲ့ဆီ လက်နက်ကြီးနဲ့ ပစ်ပါတယ်။ အင်အားအလုံးအရင်းနဲ့ မြင်းမူနဲ့ အရာတော်အစပ်မှာ တောနင်းနေတယ်။ (၉) နာရီလောက်က ရွာအနောက်ဘက်က အိမ်တစ်လုံးကို မီးရှို့သွားတယ်။” လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးကို ဆက်သွယ်ပြောကြားထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ခင်ဦးမြို့နယ်အတွင်းမှာရှိတဲ့ သရက်ကန်ကျေးရွာကိုလည်း ဒီကနေ့ မနက်ပိုင်းမှာ ဝင်ရောက်စီးနင်း ဖျက်ဆီးမှုတွေ လုပ်ဆောင်နေပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။