ခင်ဦးမြို့နယ် သရက်ကန်ကျေးရွာကို စစ်အုပ်စုက တိုက်ခိုက်လို့ ဒေသခံတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သရက်ကန်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပျူစောထီးတွေနဲ့ ခင်ဦးရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဝင်ရောက်ဖျက်ဆီးနေတာကြောင့် ဒေသခံပြည်သူတွေ မနက်စာတောင် မစားရဘဲ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ KUGFက သတင်းထုတ်ပြန်လာပါတယ်။
ဒီကနေ့ မတ်လ ၂ရက်နေ့ မနက် ၉နာရီ မိနစ် ၄၀လောက်မှာ အကြမ်းဖက်စစ်အုပ်စုဟာ အင်အား ၇၀ကျော်နဲ့ သရက်ကန်ကျေးရွာကို ဝင်ရောက်ဖျက်ဆီးနေခဲ့တာပါ။
မနေ့က မတ်လ ၁ရက်နေ့ ည၈နာရီလောက်မှာလည်း အကြမ်းဖက်စစ်အုပ်စုဟာ အင်အား ၁၀၀ကျော်နဲ့ အင်းပက်ကျေးရွာကို ဝင်ရောက်ဖျက်ဆီးပြီး ဒေသခံတွေ စုဆောင်းထားတဲ့ စားသောက်စရာတွေနဲ့ ရိက္ခာတွေကို လုယူကာ ပြည်သူ၃ဦးကိုပါ လူသားဒိုင်းအဖြစ် ရေဦးမြို့ပေါ်ကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက အင်တာနက်တွေဖြတ်တောက်ထားပြီး ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီး လုယက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။