ဖိလစ်ပိုင်မှာ နေအိမ်အလုံး ၈၀ကျော်မီးလောင် လူ ၈ ဦးသေဆုံး

Photo – BBC

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာအနီးမှာ  နေအိမ်မီးလောင်မှုကြောင့် ကလေးငယ် ၆ဦးအပါအဝင် လူ ၈ဦးသေဆုံးခဲ့တယ်လို့ ဒေသန္တရအာဏာပိုင်တွေက ပြောပါတယ်။ 

ဒီကနေ့ မေလ ၂ရက်နေ့ မနက် ၅နာရီလောက်မှာ မီးစလောင်တာဖြစ်ပြီး နေအိမ်အလုံး ၈၀ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ 

လူနေအိမ်ထူထပ်တဲ့ ဖိလစ်ပိုင်တက္ကသိုလ်ဝင်းအတွင်းတွေက နှစ်ထပ်အဆောက်အအုံတခုမှာ မီးစလောင်တာဖြစ်ပြီး မီးလောင်ရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ 

မီးကူးစက်မှုမြန်တာကြောင့် အိမ်ထဲမှာပိတ်မိနေတဲ့ ကလေးတွေအပါအဝင် လူ ၈ဦးသေဆုံးခဲ့ပြီး နှစ်နာရီနီးပါးကြာ မီးငြိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်အရာရှိတဦးက ပြောပါတယ်။

ဖိလစ်ပိုင်ဟာ ကမ္ဘာ့လူဦးရေအထူထပ်ဆုံးနိုင်ငံတွေထဲက တခုဖြစ်ပြီး မြို့တော်မနီလာ ဟာလည်း နေထိုင်သူဦးရေများပြားတယ်လို့ သိရပါတယ်။