ဒလမြို့နယ်မှာ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ရမ်းကားနေသူဆိုတဲ့ အမျိုးသားတစ်ဦး ရှင်းလင်းခံရ

ရန်ကုန်မြို့ ဒလမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ရမ်းကားနေသူဆိုတဲ့ အမျိုးသားတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၁ရက်နေ့ ည ၇နာရီလောက်က လူမိုက်ကရင်ဆိုသူကို ဒလ တွံတေးကားလမ်း ကျန်းမာရေးဝန်ထမ်း ရပ်ကွက် ဖူဆယ်ကွင်းရှေ့မှာ အမည်မသိ သေနတ်သမားတွေက ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“သူက စစ်တပ်နဲ့ပေါင်းပြီး ဧည့်စာရင်းစစ်တာတွေလဲပါတယ် လူမိုက်လုပ်နေတဲ့သူ သတင်းပေးဒလန်လဲ လုပ်တာမို့လို အခုအပစ်ခံရတာနေမယ်၊ အရင်လတုန်းကလည်း သူတစ်ခါ အပစ်ခံရသေးတယ် အဲ့တုန်းက သူမသေဘဲ သူ့ဘေးက တပည့်နှစ်ယောက်ထိသွားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်နဲ့ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြားသတင်း ထုတ်ပြန်လာတာ မရှိသေးပါဘူး။