ရွှေဘို၊ ကျားရွာက အိမ်ခြေ ၃၀၀ နီးပါးကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျားရွာ-တောင်ရွာ တစ်ရွာလုံးနီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရပြီလို့ သိရပါတယ်။
အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ ကျားရွာ- တောင်ရွာကို ဧပြီ ၂၉ ရက်နေ့ကနေစပြီး မေလ ၁ ရက်နေ့ မနက်အထိ အကြမ်းဖက် စစ်တပ်နဲ့ ပျူစောထီးအင်အား ၇၀ လောက်က ၃ ရက်ဆက်တိုက် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Shwebo Daily News က ဒီကနေ့ ဖော်ပြပါတယ်။
မီးလောင်ပျက်စီးသွားတဲ့ အထဲမှာ တောင်ရွာဘုန်းကြီးကျောင်းဝင်း အတွင်းက ကျောင်းဆောင်ကြီး တစ်ဆောင်လည်း ပါဝင်ကြောင်း ဒေသခံပြည်သူတွေရဲ့သတင်းပေးပို့ချက်အရ သိရတယ်လို့ ဆိုပါတယ်။
‘ကျားရွာကို စတင်ဝင်လာပြီး မွှေတဲ့သူတွေဟာ ခွန်တောင်းကြီးက ပျူစောထီးတွေနဲ့ စစ်ခွေးတွေပါ’ လို့ ဒေသခံ ပြည်သူက ဆိုကြောင်း Shwebo Daily News က ဖော်ပြပါတယ်။
ရွှေဘိုမြို့နယ်၊ အနောက်မြောက်ခြမ်း၊ ခင်ဦးနယ် အစပ် အနားမှာရှိတဲ့ ကျားရွာဟာ – အလယ်ရွာ၊ အနောက်ရွာ၊ တောင်ရွာနဲ့ မြောက်ရွာဆိုပြီး လေးရွာရှိပြီး စုစုပေါင်း အိမ်ခြေ ၁၅၀၀ လောက် ရှိပါတယ်။
ကျားရွာ ပြည်သူတွေဟာ အကြမ်းဖက် စစ်တပ်လာပြီလို့ သတင်းကြားကြားချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရာ အကြမ်းဖက် စစ်တပ်နဲ့ ပျူစောထီးတွေဟာ ‌‌ကျေးရွာပြည်သူ့ပိုင် ပစ္စည်းများစွာကို ကား ၂ စီးနဲ့ ခိုးယူသယ်ဆောင်ကာ တွေ့သမျှ ဆိုင်ကယ်တွေကိုပါ ယူဆောင်သွားကြကြောင်း သိရပါတယ်။