ငါးဆင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု အတိုက်ခံရပြီး သေဆုံးသူရှိ

မကွေးတိုင်း ထီးလင်းမြို့နယ် အုန်းထွဲကျေးရွာကနေ ငါးဆင်းရွာကို ဒရုန်းနဲ့ ကင်းထောက်ပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF-HTILIN က ဆီးကြိုတိုက်ခိုက်ခဲ့တယ်လို့ PDF-HTILIN က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က ဧပြီလ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ငါးဆင်းရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို PDF-HTILIN က ဆီးကြိုတိုက်ခိုက်ခဲ့ရာမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်ခန့်အတွင်းမှာ လက်နက်အင်အား မမျှတတာကြောင့် PDF-HTILIN ရဲဘော်တွေ နောက်ဆုတ်ပေးခဲ့ရပါတယ်။
မနက်၁၀နာရီ ၃၀ မိနစ်ခန့်မှာ ငါးဆင်းကျေးရွာကို ရောက်ရှိလာတဲ့ စစ်အုပ်စုကို ပကဖ ကင်းထောက်အဖွဲ့က ထပ်မံဆီးကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ငါးဆင်းကျေးရွာကနေ ပါးမျဉ်းကျေးရွာကို ဆက်လက်ထွက်ခွာလာတဲ့ စစ်အုပ်စုကို အင်အားချင်းမမျှတလို့ နောက်ဆုတ်ပေးခဲ့ရတဲ့ PDF-HTILIN တပ်ဖွဲ့ဝင်တွေက တိုက်မိုင်း နင်းမိုင်းတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ လက်နက်အင်အားမမျှတတာကြောင့် PDF-HTILIN တပ်ဖွဲ့မှ ဒုတပ်ခွဲမှူး လက်နက်ကြီးစထိမှန်ခဲ့ပြီး ဒဏ်ရာမစိုးရိမ်ရဘူးလို့ PDF-HTILIN က ဆိုပါတယ်။
ထီးလင်းမြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အနီးနားကို မသွားလာကြဖို့ PDF-HTILIN က သတိပေးထားပါတယ်။