မကွေးတိုင်း၊ မြောင်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲနဲ့ စနိုက်ပါလက်ချက်ကြောင့် အကြမ်းဖက်စစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ချောင်းဦးမြို့နယ်ကနေ မြောင်နယ်ထဲဝင်လာတဲ့ အကြမ်းဖက်စစ်သား ၁၀၀ ကျော်နဲ့ ဒေသတွင်းတော်လှန်ရေး အင်အားစုတို့ ဧပြီ ၃၀ ရက်မနက် ၉ နာရီကနေ ၁၀ နာရီခွဲအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စနိုက်ပါနဲ့ ၃ ချက်ပစ်ခတ်မှုမှာ စစ်သား ၂ ဦးထိမှန်သေဆုံးခဲ့ပြီး တိုက်ပွဲအတွင်း စစ်သားတစ်ဦးသေခဲ့တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့က ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
အဲဒီနောက် အကြမ်းဖက်စစ်တပ်ခေတ္တနားနေစဉ် ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခဲ့ရာ ချက်ချင်းနေရာပြောင်းရွှေ့သွားခဲ့ကြောင်း မွန်းလွဲ ၂ နာရီခွဲကျော်မှာ လက်ယက်မကျေးရွာအနီး စစ်တပ်ကင်းပုန်းဝပ်နေတယ်လို့ထင်ရတဲ့ ယူကလစ်တောထဲ ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။
တိုက်ပွဲဖြစ်နေစဉ်အတွင်း တောတောင်ထဲအထိ ထမင်းဟင်း၊ကွမ်း၊ ဆေးလိပ်၊ အအေးနဲ့ရေ ခက်ခက်ခဲခဲ ထောက်ပို့ပေးခဲ့တဲ့ ပြည်သူတွေကို အထူးကျေးဇူးတင်ကြောင်းလည်း ဆိုပါတယ်။
အဲဒီတိုက်ပွဲကို မြောင်မြို့နယ် ပကဖ အဖွဲ့ဝင် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ကဦးဆောင်ပြီး ညီနောင်မဟာမိတ် ၁၃ ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခြင်း ဖြစ်ပါတယ်။